CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၄

ယူနိုက်တက်အသင်းဂန္ထဝင် ဝိန်းရွန်နီဟာ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းနဲ့ သူတို့ရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဝိန်းရွန်နီဟာ ပြီးခဲ့တဲ့ရာသီက ဘာမင်ဂမ်အသင်းကို ၁၅ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၉ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့ရလို့ ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။ 

အဲဒါကြောင့် ဝိန်းရွန်နီဟာ ကျဆင်းခဲ့တဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ဖို့ စိတ်အားထက်သန်နေပြီး နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ချင်နေတာ ဖြစ်ပါတယ်။ 

ပလိုင်းမောက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ကုန်ခါနီးမှာ နည်းပြ အီယန်ဖော်စတာကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေမှုပြုလုပ်နေတာပါ။

ပလိုင်းမောက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ လက်ကျန်ပွဲစဉ်တွေမှာ ဘောလုံးဒါရိုက်တာ နေးလ်ဒူစနစ်နဲ့ နည်းပြ ကီဗင်တို့က ကိုင်တွယ်ခဲ့ပြီး အသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်အောင် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဝိန်းရွန်နီကို တွေ့ရစဉ်

နေးလ်ဒူစနစ်ဟာ အဲဗာတန်အသင်း အကယ်ဒမီမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့အတွက် ဝိန်းရွန်နီရဲ့ အကြောင်း ကို သိရှိနေတာပါ။ 

ဝိန်းရွန်နီဟာ အဲဗာတန်၊ ယူနိုက်တက်၊ ဒီစီယူနိုက်တက်နဲ့ ဒါဘီအသင်းတွေမှာ ကစားသမားအဖြစ် ပွဲပေါင်း ၇၆၃ ပွဲ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာမှာ ဒါဘီအသင်းကို ကစားသမား/နည်းပြအဖြစ် တာဝန်ယူရင်း ၂ လအကြာမှာ ကစားသမားဘဝက အနားယူကာ အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူခဲ့တာပါ။ 

အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်းဟာ ဒါဘီအသင်းကို ကိုင်တွယ်အပြီးမှာ အသင်းဟောင်း မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာတော့ ဘာမင်ဂမ်အသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် ရလဒ်ဆိုး တွေကြောင့် ၃ လ မပြည့်ခင်မှာတင် ထုတ်ပယ်ခံခဲ့ရတာပါ။

ဝိန်းရွန်နီဟာ ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝမှာ အောင်မြင်မှု ရယူနိုင်ဖို့ ခက်ခဲနေပြီး သူ့ရဲ့နည်းပြဘဝ မှတ်တမ်းတွေဟာ ဆိုးရွားနေတာ ဖြစ်ပါတယ်။

Source: BBC