CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၅

ဘာစီလိုနာအသင်းဟာ နည်းပြ ဇာဗီကို ထုတ်ပယ်လိုက်ပြီး ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း ဟန်ဆီဖလစ်ကို သူ့နေရာမှာ အစားထိုးကာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဇာဗီဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ဒီရာသီ လာလီဂါ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆီဗီလာအသင်းနဲ့ပွဲမှာ ဘာစီလိုနာ အသင်းကို သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်ပြီး ထွက်ခွာမှာပါ။

ဇာဗီဟာ ဒီရာသီအကုန်မှာ ဘာစီလိုနာအသင်းက ထွက်ခွာမယ်လို့ ဇန်နဝါရီက ကြေညာခဲ့ပေမယ့် ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာက သူ့ကို ဆက်ပြီးရှိနေပေးဖို့ ကြိုးစားခဲ့တာကြောင့် ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ဆက်ရှိမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ဇာဗီဟာ ကလပ်ရဲ့ ဘဏ္ဍာရေး အခက်အခဲတွေကို မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ ဖွင့်ဟခဲ့တာကြောင့် လာပေါ်တာနဲ့ ဘာစီလိုနာအသင်း ဘုတ်အဖွဲ့ကို ဒေါသထွက်စေခဲ့တာပါ။ 

အဲဒါကြောင့် ဇာဗီဟာ ဥက္ကဋ္ဌ လာပေါ်တာ၊ အားကစားဒါရိုက်တာ ဒေကိုတို့နဲ့ ဆွေးနွေးမှု ပြုလုပ်အပြီးမှာ ဘာစီလိုနာအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဇာဗီကို တွေ့ရစဉ်

ဇာဗီက ဘာစီလိုနာအသင်းကို ၂ နှစ်ခွဲကြာ ကိုင်တွယ်ခွင့် ရခဲ့တဲ့အတွက် ဂုဏ်ယူမိပြီး အသင်းက ထွက်ခွာသွား ပေမယ့် ဘာစီလိုနာအသင်းရဲ့ ပရိသတ်အဖြစ် အမြဲရှိနေမယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ လာမယ့်ရက် အနည်းငယ်အတွင်းမှာ ဟန်ဆီဖလစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

ဟန်ဆီဖလစ်ဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာက ဂျာမနီအသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက ဘယ်အသင်း ကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။ 

ဟန်ဆီဖလစ်ဟာ ဂျာမနီအသင်းကို မကိုင်တွယ်ခင် ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ ခုနှစ်က ဆုဖလား ၃ လုံး ရယူပေးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ နည်းပြ ဟန်ဆီဖလစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ ၂ ရာသီကြာ လက်တွဲခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source: BBC