CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ခြေစွမ်းပြသနေတဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွဲယားကို အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ဆန္ဒကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။
မိုက်ကယ်ကာရစ်က “မက်ဂွဲယားဟာ ဒီကလပ်နဲ့ အတွေ့အကြုံတွေ အများကြီး ရခဲ့သလို သူ့မှာ အထင်ကြီးစရာ စရိုက်လက္ခဏာ ရှိပါတယ်။ သူဟာ အခုအချိန်ထိ ကောင်းမွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားပြီး နောက်ထပ် လည်း အများကြီး ရှိလာဦးမယ်လို့ မျှော်လင့်ပါတယ်။ သူဟာ ဘယ်လို ကစားသမားလဲဆိုတာနဲ့ သူဘာတွေ လုပ်နိုင်လဲဆိုတာ ကျနော်တို့ သိပါတယ်။ သူက ကျနော်တို့အတွက် အလွန်အရေးပါတဲ့သူပါ”လို့ ပြောခဲ့ပါတယ်။
နည်းပြ မိုက်ကယ်ကာရစ် ရောက်ရှိလာပြီးကတည်းက အကောင်းဆုံးပုံစံတွေ ပြသနေတဲ့ မက်ဂွဲယားနဲ့ ယူနိုက် တက်အသင်း စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်လို့ သူဟာ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာ ဖြစ်နေ ပါတယ်။

မက်ဂွဲယားကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို စာချုပ်သစ် ချုပ်ဖို့ ဆန္ဒရှိပေမယ့် ကစားသမားအနေနဲ့ စာချုပ်သစ်အတွက် လုပ်ခလစာ လျှော့ယူဖို့ လိုအပ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၆ ပွဲ ပါဝင်ကစားပြီး ၂ ဂိုး သွင်းယူကာ ၁ ဂိုး ဖန်တီးခဲ့တဲ့ မက်ဂွဲယားဟာ သူလက်ရှိ ပြသနေတဲ့ပုံစံကို ဆက်ထိန်းကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင် နိုင်ဖို့ မျှော်လင့်နေပါတယ်။
မက်ဂွဲယားဟာ နည်းပြ တူချယ်လ် လက်ထက်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့် ဆုံးရှုံးနေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နောက်ဆုံး ကစားမယ့် ခြေစမ်းပွဲတွေမှာ ပါဝင်ခွင့်ရဖို့ ရည်မှန်းထားတာပါ။
၂၀၁၉ ခုနှစ်မှာ လက်စတာအသင်းကနေ ရောက်လာခဲ့တဲ့ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းအတွက် ၂၆၂ ပွဲ ကစားထားပြီး ၁၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားပါတယ်။
Source: Sportsmole
