CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅

ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်တောင်ပံ ကစားသမား စတာလင် အပါအဝင် ကစားသမား ၉ ဦးကို အသင်း ဝက်ဘ်ဆိုက်ရဲ့ အသင်းကြီး လူစာရင်းမှာ ဖယ်ရှားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းမှာ အငှားကစားခဲ့တဲ့ စတာလင်ဟာ ချယ်လ်ဆီးအသင်းထံ ပြန်ရောက်နေ ပေမယ့် အသင်းကြီးနဲ့အဝေးမှာ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေရတာပါ။ 

ချယ်လ်ဆီးအသင်းဟာ လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် အသင်းကြီး ကစားသမား ၃၁ ဦးစာရင်းကို သူတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီစာရင်းထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အေဂျက်စ်အသင်းကနေ ခေါ်ယူခဲ့တဲ့ နောက်ခံလူ ဟာတို အပါအဝင် နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေ အားလုံးပါဝင်ခဲ့တာပါ။

စတာလင်၊ ဘန်ချီဝဲလ်၊ ဒီဆာဆီ၊ ဗီဂါ၊ ဂီလ်ခရစ်၊ ချူကွီမီကာ၊ အူဂိုချူကွီ၊ ဘရိုဂျာနဲ့ ဖိုဖာနာတို့ကတော့ ချယ်လ်ဆီးအသင်းကြီး လူစာရင်းထဲမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးကစားသမားတွေကို တွေ့ရစဉ်

အူဂိုချူကွီနဲ့ ဘရိုဂျာတို့ဟာ ဘန်လေအသင်းထံ ပြောင်းရွှေ့မှာဖြစ်ပြီး ချူကွီမီကာကတော့ ပြီးခဲ့တဲ့ရာသီက အငှားကစားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။ 

ချယ်လ်ဆီးအသင်းရဲ့ အစီအစဉ်မှာ မပါဝင်တော့တဲ့ စတာလင်ဟာ နာပိုလီ၊ ဖူလ်ဟမ်၊ လေဗာကူဆင်အသင်းတို့နဲ့ ချိတ်ဆက်မှုတွေ ခံနေရပါတယ်။ 

ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ ပြင်သစ်တိုက်စစ်မှူး အန်ကွန်ကူဟာ အသင်းကြီး လူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မပိတ်မီမှာ ကစားသမား အများအပြားကို ရောင်းချဖို့ လုပ်ဆောင် နေသလို ယူနိုက်တက်အသင်းက ဂါနာချိုနဲ့ လိုက်ပ်ဇစ်အသင်းက ဇာဗီဆိုင်မွန်တို့ကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်း နေပါတယ်။ 

ရာသီကြို လေ့ကျင့်မှုတွေ ပြန်လည် စတင်နေပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရက်ပိုင်းအတွင်း လေဗာကူဆင်၊ အေစီမီလန်အသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: Goal