CNI Sport News

 ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ် ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုဟာ ရီးရယ်လ်အသင်းမှာ ဆက်နေပြီး နည်းပြ ဇာဘီအလွန်ဆိုရဲ့ ယုံကြည်မှုကို ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီတွေမှာ ရီးရယ်လ်အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့တဲ့ ရိုဒရီဂိုဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံရမှုတွေနဲ့အတူ အနာဂတ် မရေမရာဖြစ်နေခဲ့တာပါ။

ရိုဒရီဂိုဟာ ရီးရယ်လ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိချင်တာကြောင့် သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေ သလို အလုပ်ကို ကြိုးစားလုပ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ AS သတင်းမှာဖော် ပြထားပါတယ်။ 

ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရရှိထားတဲ့ ရိုဒရီဂို အတွက် ရီးရယ်လ်အသင်းဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုထားတာပါ။ 

ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းအတွက် ၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ရိုဒရီဂိုဟာ စပိန်လာလီဂါမှာ ပွဲကစားချိန် မိနစ်တွေ နည်းပါးသွားခဲ့သလို ဂိုးမိုးခေါင်မှုတွေ ကြုံတွေ့ ခဲ့ရတာပါ။

ရိုဒရီဂိုကို တွေ့ရစဉ်

ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြဇာဘီအလွန်ဆိုရဲ့ အထင်ကြီးမှုကို မရခဲ့ပေမယ့် သူဟာ စပိန်လူမျိုးနည်းပြ လက်ထက်မှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ကတိပြုထားတာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ရိုဒရီဂိုအတွက် ယူရိုသန်း ၁၀၀ တန်ကြေး သတ်မှတ်ထားပြီး စပါးအသင်းက သူ့ကို ထွက်ခွာမယ့် ဆွန်ဟောင်မင်ရဲ့ နေရာမှာ အစားထိုးချင်နေတာပါ။ 

ရိုဒရီဂိုဟာ ရီးရယ်လ်အသင်းမှာ အာဒါဂူလာ၊ ဘရာဟင်ဒီယက်ဇ်၊ ကစားသမားသစ် မာစတန်တူအိုနိုတို့နဲ့ နေရာ အတွက် ပြိုင်ဆိုင်ရဖွယ် ရှိနေပါတယ်။ 

ရီးရယ်လ်အသင်းဟာ ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေတဲ့ ရိုဒရီဂိုကို ရောင်းချဖို့ အလျင်စလို ပြုလုပ်သွားဖို့ မရှိဘူးလို့ သိရပါတယ်။ 

ရိုဒရီဂိုဟာ ရာသီကြို လေ့ကျင့်မှုတွေ ပြန်လည် စတင်နေပြီဖြစ်တဲ့ ရီးရယ်လ်အသင်းနဲ့ ပူးပေါင်းနေပြီး အိုဆာဆူနာ အသင်းနဲ့ လာလီဂါ အဖွင့်ပွဲစဉ်မှာ ပွဲထွက်လူစာရင်း ပါဝင်ချင်ရင် သူ့ရဲ့ အရည်အသွေးတွေကို နည်းပြ ဇာဘီအလွန်ဆို သဘောကျအောင် ပြသရမှာဖြစ်ပါတယ်။

Source: Goal