CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉
ဂျာမနီဂိုးသမား စတီဂန်ဟာ ဘာစီလိုနာအသင်းနဲ့ ဖြစ်နေတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် ရာထူးကို ပြန်လည်ရရှိခဲ့ပါတယ်။
စတီဂန်ဟာ ပြီးခဲ့တဲ့ဇူလိုင်က နောက်ကျော ခွဲစိတ်မှုနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိခဲ့တဲ့အတွက် ဘာစီလိုနာ အသင်းဟာ သူ့ကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့တာပါ။
စတီဂန်အနေနဲ့ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရမယ်ဆိုရင် ဘာစီလိုနာအသင်းဟာ သူ့ရဲ့လုပ်ခလစာ ၈၀ ရာခိုင်နှုန်းကို ရာသီလယ်အထိ ရှင်းထုတ်ပြီး ကစားသမားသစ်တွေကို စာရင်းသွင်းနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် စတီဂန်က သူဟာ ၃ လကြာသာ အနားယူရမယ်လို့ ပြောခဲ့ပြီး လာလီဂါစည်းမျဉ်းအရ ကစားသမား တစ်ဦးဟာ အနည်းဆုံး ၄ လကြာ အနားယူရမှသာ ကာလရှည် အနားယူသူလို့သတ်မှတ်တာပါ။
စတီဂန်ကို တွေ့ရစဉ်
ဒါအပြင် စတီဂန်ရဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး သူနဲ့အသင်းတို့အကြားမှာ အငြင်းပွား မှုတွေရှိနေတာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ စတီဂန်ဟာ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ အစီရင်ခံ စာပေးပို့ဖို့ ခွင့်ပြုထားတဲ့ သက်ဆိုင်ရာ ပုံစံ တွေကို လက်မှတ်ထိုးလိုက်ပြီလို့ ဘာစီလိုနာအသင်းက ပြောခဲ့တာပါ။
အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ စတီဂန်ကို အသင်းခေါင်းဆောင်ရာထူး ပြန်လည်ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က မိုချန်ဂလာဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စတီဂန်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၄၂၂ ပွဲ ပါဝင်ကစားထားပြီး ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ လာလီဂါဖလား ၆ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြား ရယူထားတာပါ။
စတီဂန်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲ သာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အက်စပန်ညိုအသင်း ဂိုးသမား ယိုအန်ဂါစီယာကို ခေါ်ယူထားတာကြောင့် စတီဂန်ရဲ့အနာဂတ်ဟာ အသင်းမှာ မရေမရာဖြစ်ခဲ့ပြီး အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့သေးတာ ဖြစ်ပါတယ်။
Source: BBC