CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉
လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်က ယာမဲလ်နဲ့ ဘတ်ပီတို့ဟာ မယုံနိုင်စရာ ကောင်းတဲ့သူတွေ ဖြစ်ပေမယ့် ဆယ်ကျော်သက် အရွယ်ကစားသမားဘဝမှာ အသင်းဖော်ဟောင်း မိုက်ကယ်အိုဝင်က သူတို့ထက်ပိုပြီး ကောင်းတယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
စတီဗင်ဂျရတ်က “ဘတ်ပီနဲ့ယာမဲလ်တို့ဟာ Ballon d'Or ဆု နောက်ကို လိုက်နေပေမယ့် တစ်ဦးကတော့ ဒီဆုကို ရရှိထားပါတယ်။ ဒါကြောင့် မိုက်ကယ်အိုဝင်ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် မဲပေးရွေးချယ်ခဲ့တဲ့ အချက်ကို လေးစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ဟာ သူနဲ့ကစားခဲ့ပြီး သူဟာ မယုံနိုင်ဖွယ်ကောင်းတဲ့ ဆယ်ကျော်သက်ပါ။ ဒါကြောင့် မိုက်ကယ်အိုဝင်က အကောင်းဆုံးလို့ ကျနော် ပြောချင်ပါတယ်။ ဘတ်ပီနဲ့ ယာမဲလ် တို့ကလည်း မယုံနိုင်စရာကောင်းတဲ့ သူတွေဆိုတာ ကျနော် ပြောချင်ပါတယ်”လို့ ESPN မှာ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းရဲ့ အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ အခုနှစ်အတွက် ချီးမြှင့်မယ့် Ballon d'Or ဆုကို ရယူနိုင်မယ့် သူတွေထဲက တစ်ဦးအဖြစ် ရေပန်းစားနေပြီး ရယူနိုင်ခဲ့ရင် ဒီဆုကို ရယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်မှာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ဘတ်ပီကလည်း အခုနှစ် Ballon d'Or ဆုရဲ့ ဆန်ခါတင် ၃၀ ဦးစာရင်းမှာ ပါဝင်နေတာပါ။
ဘတ်ပီနဲ့ ယာမဲလ်ကိုတွေ့ရစဉ်
မိုက်ကယ်အိုဝင်ဟာ အသက် ၁၇ နှစ်အရွယ် ၁၉၉၆ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဆယ်ကျော်သက် ကစားသမားတွေထဲ ဂိုးအများ ဆုံးသွင်းယူတဲ့ သူအဖြစ် မှတ်တမ်းတင်ထားပါတယ်။
မိုက်ကယ်အိုဝင်ဟာ လီဗာပူးလ်အသင်းကို ၂၀၀၀-၀၁ ရာသီမှာ လိဂ်ဖလား၊ FA ဖလားနဲ့ UEFA ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် Ballon d'Or ဆုကို ရရှိခဲ့တာပါ။
မိုက်ကယ်အိုဝင်ဟာ ၁၉၇၉ ခုနှစ်က ကီဗင်ကီးဂန်း နောက်ပိုင်း Ballon d'Or ဆုကိုရရှိတဲ့ ပထမဆုံး အင်္ဂလန် ကစားသမား ဖြစ်ခဲ့ပါတယ်။
ယာမဲလ်ကတော့ ဘာစီလိုနာအသင်းအတွက် အသက် ၁၅ နှစ်အရွယ်မှာ ပွဲဦးထွက်ခဲ့ပြီး အသင်းကို လာလီဂါဖလား အပါအဝင် ပြည်တွင်းပြိုင်ပွဲတွေမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို စပိန်အသင်းကို ယူရို ၂၀၂၄ ချန်ပီယံဆု ရယူပေးနိုင်ခဲ့တာပါ။
ဘတ်ပီက အသက် ၁၉ နှစ်အရွယ်မှာ ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို PSG၊ ရီးရယ်လ်အသင်းတို့နဲ့ ဆုဖလား အောင်မြင်မှုတွေ ရခဲ့ပါတယ်။
Source: ESPN