CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇

ရီးရယ်လ်အသင်းဟာ ကိုပါဒယ်ရေးဖလား ၃၂ သင်းအဆင့် ပွဲစဉ်အဖြစ် စတုတ္ထတန်းကလပ် ဒီပို့တီဗိုမီနဲရာ အသင်းနဲ့ ကစားခဲ့တာမှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အာဒါဂူလာနဲ့ အန်းဒရစ်တို့ကို ပွဲထွက်လူစာရင်း အသုံးပြုခဲ့ပြီး အာဒါဂူလာက ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ရီးရယ်လ်အသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကို ဗယ်လ်ဗာဒီ၊ ကာမာဗင်ဂါနဲ့ မိုဒရစ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ ရီးရယ်လ်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၃၃ ကြိမ်အထိရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၂၁ ကြိမ်အထိရှိခဲ့တာပါ။ 

ဒီပို့တီဗိုမီနဲရာအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၄ ကြိမ်နဲ့ ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်သာရှိခဲ့ပြီး ဂိုးသမား ဖြစ်သူ မာတီးနက်ဇ်ဟာ ရီးရယ်လ်အသင်းရဲ့ ကန်သွင်းမှု အများအပြားကို ကာကွယ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ်

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဘတ်ပီနဲ့ ဗီနီစီးယက်စ်ကို လူစားဝင်အဖြစ်သာ အသုံးပြုသွားခဲ့တာပါ။ 

ရီးရယ်လ်အသင်း ကွင်းလယ်လူ ဗယ်လ်ဗာဒီက “အသင်းရဲ့သွင်းဂိုးတွေမှာ ပါဝင်ခွင့်ရခဲ့လို့ ကျနော်ပျော်ရွှင်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့တာဝန်က ကွဲပြားပြီး အသင်းကို ဖြစ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေနဲ့ ကူညီပေးနိုင်ဖို့ပါ။ နည်းပြက ကျနော့်ကို ပွဲတိုင်းထည့်သွင်း စဉ်းစားတဲ့အတွက်လည်း ကျနော်ဝမ်းသာပါတယ်။ သူ့က ကျနော့်ကို ယုံကြည်မှုရှိနေပြီး ကျနော်ဟာ ပင်ပန်းနေရင်တောင် အမြဲတမ်းပျော်ရွှင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ အသင်းခေါင်းဆောင် မိုဒရစ်ကို ချီးကျူးခဲ့ပြီး သူဟာ ဘောလုံး အတွက် လက်ဆောင်တစ်ခုလို့ ပြောခဲ့တာပါ။ 

ဒါအပြင် အန်ဆယ်လော့တီက ကစားသမားတွေဟာ လက်မှတ်ထိုးပေးဖို့ ပရိသတ်တွေနဲ့အတူ ရှိနေကြပြီး ကြီးကျယ်ခမ်းနားတဲ့ ပွဲဖြစ်စေခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ဒီပွဲအပြီးမှာ စပိန်စူပါဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဆော်ဒီနိုင်ငံကို ထွက်ခွာရမှာပါ။

ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၀ ရက်မှာ မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN