CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ရီးရယ်လ်အသင်းက ဂျီရိုနာအသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူ ခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ ဘောလုံးအတွက် လက်ဆောင်လို့ နည်းပြအန်ဆယ်လော့တီက ပြောခဲ့ပါ တယ်။
အန်ဆယ်လော့တီက “မိုဒရစ်က ဘောလုံးအတွက် လက်ဆောင်တစ်ခုပါ။ သူဟာ ကစားဖို့ ဆန္ဒရှိနေသေးရင် ဆက်သွားသင့်ပါတယ်။ သူဟာ ဘယ်လိုအရာကိုပဲလုပ်လုပ် ကောင်းမွန်စွာ လုပ်ပါတယ်။ ဘောလုံးနဲ့ ကျနော်တို့ ရီးရယ်လ်မှာ သူ့လိုဂန္ထဝင်တစ်ဦးကို ရခဲ့တာက ကံကောင်းပါတယ်။ သူ့ရဲ့အရည်အသွေး၊ သူ့ရဲ့ကျွမ်းကျင်မှုတွေနဲ့ လက်ဆောင်အဖြစ်ပေးပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဒါအပြင် အန်ဆယ်လော့တီဟာ မိုဒရစ်ကို အေစီမီလန်အသင်းဂန္ထဝင် မာလ်ဒီနီနဲ့ နှိုင်းယှဉ်မှုလည်း ပြုလုပ်ခဲ့ပါ တယ်။
အသက် ၃၉ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် လူစားဝင်အဖြစ်သာ အများဆုံး ပါဝင် နေရပေမယ့် အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အရေးပါတဲ့သူ တစ်ဦးအဖြစ် ဆက်ပြီးရှိနေတာပါ။
မိုဒရစ်ကို တွေ့ရစဉ်
၂၀၁၂ ခုနှစ်ကတည်းက ရီးရယ်လ်အသင်းကို ရောက်ရှိလာပြီး ဆုဖလားပေါင်း ၂၈ ခုအထိ ရယူထားတဲ့ မိုဒရစ်ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
သတင်းတွေမှာတော့ ရီးရယ်လ်အသင်းဟာ မိုဒရစ်ကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့ ရှိနေတယ်လို့ ဖော်ပြ ထားတာပါ။
မိုဒရစ်ကတော့ ဘာနေဗျူးမှာ ဂိုးသွင်းရတာဟာ ထူးခြားပြီး အသင်းအနေနဲ့ လက်ရှိပြသနေတဲ့ ပုံစံအတိုင်း ဆက်ထိန်းကာ ဒီထက်ပိုပြီး တိုးတက်နိုင်သေးတယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဂျီရိုနာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် လာလီဂါ အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းနဲ့ ရမှတ်တူ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းဟာ ကြားရက်ထဲမှာ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဆိုစီဒက် အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA