CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ဗလင်စီယာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ ဗီနီစီးယက်စ်ရဲ့ အနီကတ်ကို အယူခံဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဗီနီစီးယက်စ်ရဲ့ အနီကတ်ကို ကျနော်တို့ အယူခံဝင်သွားမှာပါ။ သူတို့ဘက်က လက်ခံ မလားဆိုတာတော့ ကျနော်မသိပါဘူး။ ဒါက အနီကတ် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒီအဖြစ်အပျက်မှာ နှစ်ဦးစလုံးကို အဝါကတ်ပြသရင် လုံလောက်ပါတယ်။ ဗီနီ နောက်ပွဲ ပါဝင်နိုင်မလားဆိုတာ မသိပေမယ့် သူဟာ ကျနော်တို့အတွက် အဆုံးဖြတ်ပေးနိုင်တဲ့ကစားသမားပါ”လို့ ပြောခဲ့တာပါ။ 

ဗီနီစီးယက်စ်ဟာ ဒီပွဲရဲ့ပွဲချိန် ၇၉ မိနစ်မှာ ဗလင်စီယာအသင်း ဂိုးသမားရဲ့ ဦးခေါင်းကို အနောက်ကနေ တွန်းထုတ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဗီနီစီးယက်စ်ဟာ အနီကတ်ပြသခံရတဲ့အတွက် ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ကြိုးပမ်းခဲ့တာကို အသင်းဖော်တွေက ထိန်းခဲ့ရတာပါ။

ရီးရယ်လ်အသင်း အောင်ပွဲခံနေစဉ်

ဗီနီစီးယက်စ်ဟာ ပွဲအပြီးမှာ အနီကတ်အတွက် တောင်းပန်ခဲ့ပေမယ့် အနီကတ်အပြင် သူ့ရဲ့ အပြုအမူတွေကြောင့် ၄ ပွဲအထိ ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ဗလင်စီယာအသင်းကို ဦးဆောင်ဂိုး ပေးခဲ့ရပြီး တစ်ဦးလျော့နဲ့ ကစားခဲ့ရပေမယ့် အသင်းခေါင်းဆောင် မိုဒရစ်က ချေပဂိုး၊ ဘယ်လင်ဂမ်က မိနစ် ၉၀ ပြည့်ပြီးနာကျင်အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် နိုင်ပွဲရယူနိုင်ခဲ့တာပါ။

ဘယ်လင်ဂမ်ဟာ ဒီပွဲမှာ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် လွဲချော်ခဲ့ပြီး ရီးရယ်လ်အသင်းအတွက် ဒီရာသီ တတိယမြောက် ပင်နယ်တီ လွဲချော်မှုဖြစ်ခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ ပင်နယ်တီတွေ လွဲချော်တဲ့အတွက် စိတ်ပျက်မိပြီး ပင်နယ်တီ ဘယ်သူ ကန်သွင်းမလဲဆိုတာ သူရွေးချယ်မယ်လို့ ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ဗလင်စီယာအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် လာလီဂါပွဲစဉ် ၁၉ ပွဲ ကစားအပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: ESPN