CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃

အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘရိုက်တန်အသင်း တိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အလားအလာရှိတဲ့ ပစ်မှတ် စာရင်းထဲမှာ အီဗန်ဖာဂူဆန်ကိုပါ ထည့်သွင်းခဲ့တာပါ။ 

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရိုက်တန်အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားတဲ့ အီဗန်ဖာဂူဆန်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းလည်း ချိတ်ဆက်မှုတွေ ရှိခဲ့ဖူးတာဖြစ်ပါတယ်။ 

အီဗန်ဗာဂူဆန်ဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် ဝဲလ်ဘတ်၊ ပက်ဒရိုတို့ရဲ့အနောက်မှာသာ ပွဲကစားချိန် အကန့်အသတ်နဲ့ ရရှိနေတာပါ။ 

အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ အီဗန်ဖာဂူဆန်တို့ရဲ့ အခြေအနေကို အခွင့်ကောင်းယူကာ ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။ 

အီဗန်ဖာဂူဆန်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ အာဆင်နယ်အသင်း တစ်သင်းတည်း စိတ်ဝင်စား နေတာ မဟုတ်ဘဲ ဖူလ်ဟမ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ကလည်း စိတ်ဝင်စားနေကြတာပါ။ 

အီဗန်ဖာဂူဆန်ကို တွေ့ရစဉ်

ဘရိုက်တန်အသင်းအနေနဲ့ အီဗန်ဖာဂူဆန်ကို ဇန်နဝါရီမှာ အငှားနဲ့ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ရင် စာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူမယ့် အချက်ကိုပါ ထည့်သွင်းချင်နေတာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကို၊ ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အမ်ဘူမိုနဲ့ ဝုလ်ဖ်အသင်းတိုက်စစ်မှူး ကွန်ညာတို့ကိုလည်း ခေါ်ယူမယ့် တိုက်စစ်မှူးစာရင်းထဲ ထည့်သွင်းထားတာပါ။ 

အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်း တိုက်စစ်မှူး အိုင်ဆက်ခ်ကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ် ထားပေမယ့် နယူးကာဆယ်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကြောင့် ခေါ်ယူဖို့ အခက်တွေ့နေပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro