CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃

ပရီးမီးယားလိဂ် နည်းပြဟောင်း ရာနီရေးရီက သူဟာ အနားယူပြီးနောက် ရိုးမားအသင်းကို မကိုင်တွယ်ခင် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရာနီရေးရီက “ချယ်လ်ဆီးအသင်းက အကြံပေးအဖြစ် လုပ်ကိုင်ရင်း အသင်းကို နေရာမှန်ရောက်အောင် ပို့ဆောင် ပေးဖို့ ကျနော့်ကို တောင်းဆိုခဲ့ပေမယ့် ကျနော် နိုးလို့ပြောခဲ့ပါတယ်။ ရိုးမားက ကျနော့်ရဲ့ ဘဝဖြစ်ပြီး အခုဆိုရင် ကျနော်ဟာ အတွေ့အကြုံတွေ ပိုပြီးရရှိလာပါပြီ။ နည်းပြနဲ့ စီမံခန့်ခွဲမှုကြားက ဒီကဏ္ဍနှစ်ခုစလုံးကို ကျနော် နှစ်သက်တယ်”လို့ လာဂါဇတ်တာဒယ်လိုစပေါ့ကို ပြောခဲ့တာပါ။ 

လက်စတာအသင်းကို ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ ရာနီရေးရီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာက ရိုးမားအသင်း နည်းပြအဖြစ် ရာသီအကုန်ထိ ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ရာနီရေးရီဟာ ၂၀၂၄ ခုနှစ် အစောပိုင်းက နည်းပြဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပေမယ့် ရိုးမားအသင်းရဲ့ ကမ်းလှမ်းလာမှုကို ငြင်းဆန်ခြင်းမရှိခဲ့တာပါ။ 

ရာနီရေးရီကို တွေ့ရစဉ်

ရာနီရေးရီဟာ ရိုးမားအသင်းမှာ နည်းပြရာထူးအပြင် အကြံပေး တာဝန်ကိုပါ ရယူထားပြီး အမြဲတမ်းနည်းပြ တစ်ဦး ရှာဖွေနိုင်အောင် ကူညီပေးသွားမှာဖြစ်ပါတယ်။ 

ရာနီရေးရီဟာ ရာသီကုန်ချိန်မှာ ရိုးမားအသင်းရဲ့ အကြီးတန်း အမှုဆောင်ရာထူးကို ပြောင်းလဲတာဝန်ယူသွားမှာပါ။ 

အီတလီလူမျိုးနည်းပြဟာ ချယ်လ်ဆီးအသင်းကို နည်းပြအဖြစ် ၄ ရာသီကြာ ကိုင်တွယ်ခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့နှစ်က ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းခဲ့တာဖြစ်ပါတယ်။ 

ရိုးမားအသင်းဟာ နည်းပြ ရာနီရေးရီ လက်ထက်မှာ အနည်းငယ် တိုးတက်မှုတွေ ရှိလာခဲ့ပြီး စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၀ နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။ 

ရိုးမားအသင်းဟာ ဒီအပတ် စီးရီးအေပွဲစဉ်အဖြစ် လာဇီယိုအသင်းနဲ့ ဒါဘီပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro