CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ ဆန်းတို့စ်အသင်းက အင်တာနေစီယွန်နယ်လ်ဒီလီမာရာအသင်းကို အနိုင်ရခဲ့ တဲ့ပွဲမှာ သူ့ကိုလှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တဲ့ အိမ်ရှင်ပရိသတ်တွေကို ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းပြီး တုန့်ပြန်ခဲ့ပါတယ်။
ဒီပွဲမှာ ဆန်းတို့စ်အသင်းဟာ အင်တာနေစီယွန်နယ်လ်ဒီလီမာရာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
အိမ်ရှင်အသင်း ပရိသတ်တွေဟာ ဒီပွဲစဉ်မှာ ထောင့်ကန်ဘောကန်ဖို့ ရောက်ရှိလာတဲ့ နေမာကို ပစ်မှတ်ထားပြီး လှောင်ပြောင် အော်ဟစ်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းအပြီးမှာ သူကိုလှောင်ပြောင်နေတဲ့ ပြိုင်ဘက်အသင်း ပရိသတ်တွေ အရှေ့မှာ အောင်ပွဲခံပြီး ပြန်လည်တုန့်ပြန်ခဲ့တာပါ။
နေမာကို တွေ့ရစဉ်
နေမာ ဂိုးသွင်းအပြီးမှာ အိမ်ရှင်အသင်းရဲ့ လှောင်ပြောင်မှုတွေ ရပ်တန့်သွားခဲ့ပြီး ဆန်းတို့စ်အသင်းရဲ့ ဝမ်းသာ အားရ အောင်ပွဲခံမှုတွေ အစားထိုးသွားခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဆန်းတို့စ်အသင်း သွင်းယူတဲ့ နောက်ထပ်သွင်းဂိုး ၂ ဂိုးကိုလည်း ဖန်တီးပေးခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တဲ့ နေမာဟာ ဆန်းတို့စ်အသင်းအတွက် ၆ ပွဲအထိ ပါဝင်ကစားထားပြီးဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ နေမာဟာ ဆန်းတို့စ်အသင်းအတွက် ၆ ပွဲ ပါဝင်ကစားအပြီးမှာ ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာပါ။
ဆန်းတို့စ်အသင်းဟာ Campeonato Paulista ပြိုင်ပွဲမှာ အုပ်စုပွဲစဉ် ၁၂ ပွဲ ကစားထားအပြီး ရမှတ် ၁၈ မှတ်နဲ့ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်ကာ ကွာတားဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ဆန်းတို့စ်အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘရာဂန်တီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။