CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက အော်ဇေးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်အပြီး မှာ သူဟာ ပြင်သစ်မှာ နောက်ထပ်နည်းပြ အလုပ်ကို မလုပ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒီဇာဘီက "ကျနော်ဟာ အီတလီလူမျိုးပါ၊ မာဆေးလ်အသင်းပြီးရင် ကျနော်ဟာ ပြင်သစ်မှာ နည်းပြအလုပ်ကို မလုပ်တော့ပါဘူး။ ပြင်သစ်ချန်ပီယံရှစ်မှာ ပြဿနာရှိနေပြီး ဒီလိုဆုံးဖြတ်ချက်မျိုးကို ဒီအဆင့်မှာ ချမှတ်တာကို ပြင်သစ်လူမျိုးတွေ ပျော်ရွှင်တယ်ဆိုရင် ဒါက သူတို့အတွက် ကောင်းပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ အရှုပ်တော်ပုံ ပါပဲ။ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးဟာ သူ့ဝန်းကျင်မှာဖြစ်ခဲ့တဲ့ အငြင်းပွားမှုတွေကြောင့် ကိုင်တွယ်ရာမှာ စိတ်ထား မှန်ကန်မှုမရှိဘူး"လို့ ပြောခဲ့တာပါ။
မာဆေးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ပြင်သစ်လီဂူး-၁ အမှတ်ပေးဇယား ထိပ်ဆုံးနေရာက ပီအက်စ်ဂျီအသင်းနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒီပွဲမှာ မာဆေးလ်အသင်းက နောက်ခံလူ ဒီရက်ခ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး နည်းပြဒီဇာဘီနဲ့ ဒိုင်လူကြီးတို့ အကြားမှာ အဆင်မပြေမှုတွေ ရှိခဲ့တာပါ။
မာဆေးလ်အသင်းကို တွေ့ရစဉ်
အဲဒါကြောင့် ဒီဇာဘီဟာ ဒိုင်လူကြီးရဲ့ အဆင့်အတန်းကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
မာဆေးလ်အသင်း အကြီးအကဲ လွန်ဂိုရီရာကလည်း ဒါက အစီအစဉ်တကျ ပြုလုပ်ထားတယ်ဆိုပြီး လီဂူး-၁ တာဝန် ရှိသူတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
မာဆေးလ်အသင်းဟာ ဒီရာသီနည်းပြ ဒီဇာဘီလက်ထက်မှာ ရလဒ်ကောင်းတွေ ရရှိထားပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိဖို့ ပစ်မှတ်ထားနေတာပါ။
မာဆေးလ်အသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၃ နေရာက နိုက်စ်အသင်းကို ၃ မှတ်၊ အဆင့် ၄ နေရာက လိုင်လီ အသင်းကို ၅ မှတ် အသာရရှိထားပါတယ်။
မာဆေးလ်အသင်းဟာ လာမယ့် ပြင်သစ်လီဂူး-၁ ပွဲစဉ်အဖြစ် နန့်တက်စ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal