CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

မာဆေးလ်အသင်းဟာ ရှုံးပွဲတွေ ကြုံတွေ့ပြီး ရလဒ်ဆိုးနေတာကြောင့် အပြန်အလှန် သဘောတူညီမှုနဲ့ နည်းပြ ဒီဇာဘီ ထွက်ခွာမှုကို သဘောတူခဲ့ကြတယ်လို့ ESPN က ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့် မာဆေးလ်အသင်းဟာ စထရာဘိုးအသင်းနဲ့ ပြင်သစ် လီဂူး-၁ ပွဲအတွက် ယာယီနည်းပြ တစ်ဦးကို ခန့်အပ်သွားမှာပါ။ 

မာဆေးလ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကလပ်ဘရုဂျ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို နောက်ဆုံးကစားခဲ့တဲ့ လီဂူး-၁ ပွဲမှာ PSG အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာကြောင့် ဖိအားတွေ၊ ကစားသမားတချို့နဲ့ တင်းမာမှုတွေဖြစ်ခဲ့တဲ့ အီတလီ လူမျိုး နည်းပြ ဒီဇာဘီက သူ့ရဲ့ရာထူးဟာ တည်မြဲဖို့ မဖြစ်နိုင်တော့ဘူးလို့ ခံစားခဲ့ရတာပါ။ 

ကလပ်အသင်းဟာ အသင်းရဲ့ဒီရာသီကို ကယ်တင်နိုင်ဖို့အတွက် နည်းပြဒီဇာဘီနဲ့ လမ်းခွဲတာက အကောင်းဆုံးဖြစ် ကြောင်း ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။ 

မာဆေးလ်အသင်းကိုတွေ့ရစဉ်

၂၀၂၄ ခုနှစ် နွေရာသီမှာ မာဆေးလ်အသင်းကို ရောက်လာခဲ့တဲ့ ဒီဇာဘီဟာ ပြီးခဲ့တဲ့ရာသီက အသင်းကို လီဂူး-၁ ပြိုင်ပွဲရဲ့ အဆင့် ၂ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ ပထမရာသီဟာ ကောင်းမွန်ခဲ့ပါတယ်။ 

ဒါပေမယ့် ဒီဇာဘီရဲ့ မာဆေးလ်အသင်း နည်းပြဘဝ ဒုတိယရာသီကတော့ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

မာဆေးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် ၁ နေရာက PSG အသင်းနဲ့ ၁၂ မှတ်အကွာ အဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၂ နေရာက လန်းစ်အသင်းနဲ့ ၁၀ မှတ် ကွာဟ နေပါတယ်။ 

ဒါပေမယ့် မာဆေးလ်အသင်းဟာ ပြင်သစ်ဖလား ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

Source: ESPN