CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉
ခရိုအေးရှား ဝါရင့်ကစားသမား မိုဒရစ်ဟာ ရီးရယ်လ်အသင်းမှာ နောက်ထပ် တစ်ရာသီ ဆက်ရှိချင်နေတယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
မိုဒရစ်ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် သူဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ရီးရယ်လ်အသင်း မှာ ဆက်ရှိမယ့် စာချုပ်သက်တမ်း တိုးချင်နေတာပါ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရီးရယ်လ်အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိက အရေးပါတဲ့သူဖြစ်ခဲ့တဲ့ မိုဒရစ်ဟာ လာမယ့် စက်တင်ဘာဆိုရင် အသက် ၄၀ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် မိုဒရစ်က သူဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်ကြောင်းကို စာချုပ်သက်တမ်းတိုးပြီး ပြသချင်နေတာပါ။
မိုဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပေမယ့် ပွဲထွက်လူစာရင်းထက် အရန်ကစားသမားအဖြစ်သာ ပါဝင်နေရတာက ပိုပြီးများနေပါ တယ်။
မိုဒရစ်ကို တွေ့ရစဉ်
မိုဒရစ်ကတော့ သူ့ရဲ့ဦးစားပေး ရွေးချယ်မှုဟာ အမြဲတမ်း ရီးရယ်လ်အသင်း ဖြစ်နေတာကြောင့် အသင်း အောင်မြင် မှုတွေ ရယူနိုင်ဖို့အတွက် ဆက်ပြီး ပါဝင်ကူညီနေချင်နေတာပါ။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီကလည်း မိုဒရစ်ကို စာချုပ်သက်တမ်း ၁ နှစ်တိုးခဲ့သလို ဒီရာသီအကုန်မှာ လည်း နောက်ထပ် ၁ နှစ် သက်တမ်း တိုးဖွယ်ရှိနေပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက မိုဒရစ်ဟာ ဘောလုံးအတွက် လက်ဆောင်ဖြစ်တယ်လို့ ပြောထားတာပါ။
၂၀၁၂ ခုနှစ်ကတည်းက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မိုဒရစ်ဟာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၇၉ ပွဲ ပါဝင်ကစားထားပြီး ၄၃ ဂိုး သွင်းယူထားပါတယ်။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းမှာ ဆုဖလားပေါင်း ၂၈ ခုအထိ ရရှိထားပြီး ရီးရယ်လ်အသင်းသမိုင်းမှာ အောင်မြင်မှု အများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
Source: besoccer