CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉

အေစီမီလန်အသင်းဟာ ရာသီကုန်အထိ အငှားနဲ့ခေါ်ယူထားတဲ့ ညာနောက်ခံလူ ဝေါ်လ်ကာကို မန်စီးတီး အသင်းထံကနေ လျှော့ဈေးနဲ့ အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ Tuttosport က ဖော်ပြထားပါတယ်။

အေစီမီလန်အသင်းဟာ ဝေါ်လ်ကာကို အပြီးသတ် ခေါ်ယူချင်တဲ့အတွက် ပြီးခဲ့တဲ့ နွေရာသီက စပါးအသင်းကနေ ခေါ်ယူထားတဲ့ ညာနောက်ခံလူ အီမာဆန်ကို တစ်ရာသီအကြာမှာ ပြန်ရောင်းချဖို့ လုပ်ဆောင်နေတာပါ။ 

စီးရီးအေကလပ်ဟာ ဝေါ်လ်ကာကို ဦးစားပေး ညာနောက်ခံလူအဖြစ် သတ်မှတ်ခဲ့တာကြောင့် အီမာဆန်ဟာ အသင်းရဲ့အစိတ်အပိုင်းမှာ ပါဝင်ခြင်း မရှိတော့ဘူးလို့ ယူဆထားတာဖြစ်ပါတယ်။ 

အေစီမီလန်အသင်းဟာ ဝေါ်လ်ကာကို ရာသီကုန်ချိန်မှာ မန်စီးတီးအသင်းထံကနေ ယူရို ၅ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိထားတာပါ။ 

ဝေါ်ကာကို တွေ့ရစဉ်

ဒါပေမယ့် အေစီမီလန်အသင်းဟာ မန်စီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိထားတဲ့ ပြောင်းရွှေ့ကြေးကို အနည်းငယ် လျှော့ဈေးလိုချင်နေတာ ဖြစ်ပါတယ်။ 

ဝေါ်လ်ကာကလည်း အေစီမီလန်အသင်းမှာ ပျော်ရွှင်နေပြီး ဆက်ရှိချင်နေတာပါ။ 

အင်္ဂလန်နောက်ခံလူဟာ မန်စီးတီးအသင်းမှာ သူ့အနာဂတ် မရှိတော့ဘူးဆိုတဲ့ အချက်ကို ကောင်းမွန်စွာ သိရှိထားတာ ဖြစ်ပါတယ်။ 

အေစီမီလန်အသင်းရဲ့ ဝါရင့်ညာနောက်ခံလူဖြစ်တဲ့ ဖလော်ရန်ဇီကလည်း အသင်းမှာ သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ချင်နေတာကြောင့် ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမယ့် သူ့ရဲ့စာချုပ်ကို သက်တမ်းတိုးချင်နေတာပါ။ 

ဖလော်ရန်ဇီဟာ အေစီမီလန်အသင်းမှာ ဆက်ရှိဖို့အတွက် သူရရှိနေတဲ့ လစာ အများအပြားကို လျှော့ပြီးယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ 

အေစီမီလန်အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ကိုပါအီတာလီယာဖလားပြိုင်ပွဲသာ ကျန်ရှိ တော့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေကာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အေစီမီလန်အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၉ နေရာ ရပ်တည်နေပြီး ဥရောပ ဝင်ခွင့်ရနိုင်ဖို့အတွက် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ 

အေစီမီလန်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ စီးရီးအေပွဲစဉ်အဖြစ် နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။