CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉
ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်က စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်ဆန်က “ကလပ်ဆီကနေ ပြောတဲ့အသံ ဘာမှမကြားရတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ပြီးဆုံး သွားမယ်လို့ ထင်ပါတယ်။ အားလုံးက ကျနော် စာချုပ်ကုန်ဆုံးမယ်ဆိုတာကို သိပါတယ်။ အဲဒါကြောင့် ဒီနည်းလမ်းက တစ်ခုတည်းပဲရှိဖို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော် အများကြီး မတွေးထားဘဲ စိတ်ထဲမှာတော့ အသစ်တစ်ခုရှာဖို့ ပြင်ဆင်နေပါတယ်။ ကျနော် ဆုံးဖြတ်ချက် မချရသေးဘဲ မိသားစုနဲ့ အဆင်ပြေမယ့် အရာတွေ ကို ကြည့်သွားမှာပါ”လို့ ဒိန်းမတ် TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့ အဲရစ်ဆန်ဟာ ဒီရာသီ နည်းပြအာမိုရင် လက်ထက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၉၉ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားတဲ့ အဲရစ်ဆန်ဟာ စာချုပ်သစ် အတွက် ဆွေးနွေးမှုမရှိတာကြောင့် ရာသီကုန်ရင် အသင်းကနေ ထွက်ခွာရတော့မှာပါ။
အဲရစ်ဆန်ကို တွေ့ရစဉ်
အဲရစ်ဆန်ဟာ ဒိန်းမတ်လက်ရွေးစင် ကစားသမားဖြစ်ပေမယ့် သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်လုံးကို ဒိန်းမတ် အပြင်ဘက်မှာ ကစားနေခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အဲရစ်ဆန်ဟာ အေဂျက်စ်၊ စပါး၊ အင်တာမီလန်၊ ဘရန်ဖို့ဒ်နဲ့ အခု ယူနိုက်တက်အသင်း တွေမှာ ကစားသမားဘဝကို ဖြတ်သန်းနေတာပါ။
အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရင် ဥရောပမှာ ဆက်ပြီးရှိချင်ပေမယ့် ဒိန်းမတ်ကို ပြန်ဖို့စောသေးတယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်ဆန်ဟာ လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းနဲ့ နေးရှင်းလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ကစားဖို့အတွက် ဒိန်းမတ်အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
အဲရစ်ဆန်ဟာ ဒိန်းမတ်အသင်းအတွက် ပွဲပေါင်း ၁၄၀ ပါဝင်ကစားထားပြီး ၄၃ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source: ESPN