CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄

လူတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ နိုဝင်ဘာလအကုန်ထိ အနားယူရမှာဖြစ်ပြီး ကွင်းလယ်လူ အဲရစ်ဆန်ကတော့ တစ်လကြာ အနားယူရမယ်လို့ ယူနိုက်တက်အသင်းက အတည်ပြု ခဲ့ပါတယ်။

အဲရစ်ဆန်ဟာ ဒူးဒဏ်ရာကြောင့် ဒီပွဲရဲ့ပထမပိုင်းမှာကတည်းက လူစားလဲခဲ့ရပြီး ဟော့ဂျ်လန်းက ကြွက်သား ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပါတယ်။

အဲ့ဒါကြောင့် သူတို့နှစ်ဦးစလုံးဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲယှဉ်ပြိုင်မယ့် ဒိန်းမတ်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ ပါတယ်။ 

ဒိန်းမတ်အသင်းဟာ နိုဝင်ဘာ ၁၇ ရက်မှာ ဆလိုဗေးနီးယား၊ ၂၀ ရက်မှာ မြောက်အိုင်ယာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဟော့ဂျ်လန်း ဒဏ်ရာရသွားစဉ်

အဲရစ်ဆန်ဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်း ကစားဖို့ရှိနေတဲ့ ချန်ပီယံလိဂ်အုပ်စု ၂ ပွဲအပြင် ပရီးမီးယား လိဂ်ပွဲစဉ် ၄ ပွဲကို လွဲချော်ဖွယ်ရှိနေပြီး ဟော့ဂျ်လန်းကတော့ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။ 

ယူနိုက်တက်အသင်းဟာ လုပ်ခ်ရှော၊ လီဆန်ဒရိုမာတီးနက်ဇ်၊ မာလာစီယာ၊ ကတ်စမဲရိုး၊ အီဗန်စ်နဲ့ အာမတ်တို့ကို ဒဏ်ရာကြောင့် အနားပေးထားရပြီး အခုအချိန်မှာ အဲရစ်ဆန်နဲ့ ဟော့ဂျ်လန်းတို့ကိုပါ ဒီစာရင်းထဲ ထည့်သွင်းရ တော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လူတန်အသင်းနဲ့ ပွဲစဉ်မှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားထားတာမှာ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက မန်စီးတီးအသင်းနဲ့ ၇ မှတ်ကွာဟနေပါတယ်။ 

မန်ချက်စတာကလပ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရလဒ်ဆိုးနေပြီး ၄ ပွဲ ကစားထားတာမှာ ၁ ပွဲနိုင်၊ ၃ ပွဲ ရှုံးနိမ့် ထားလို့ နောက်တစ်ဆင့်တက်ဖို့အတွက် လက်ကျန် ၂ ပွဲစလုံး အနိုင်ယူဖို့ လိုအပ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး နိုဝင်ဘာ ၂၆ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC