CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄

ဒူးခွဲစိတ်မှုခံယူပြီးနောက် တိုက်စစ်မှူး နေမာရဲ့တုန့်ပြန်မှုက အလွန်ကောင်းမွန်ပေမယ့် ဘယ်အချိန်မှာ ပြန်ကစား နိုင်မလဲဆိုတာတော့ မသိဘူးလို့ ဘရာဇီးလ်အသင်း ဆရာဝန် ရိုဒရီဂိုလက်စ်မာက ပြောခဲ့ပါတယ်။

ရိုဒရီဂိုလက်စ်မာက “နေမာဟာ ကျနော်တို့ အဆိုပြုထားတဲ့ အရာတွေကို လိုက်နာမှုရှိကြောင်း ပထမဆုံး အခိုက် အတန့်မှာတင် ပြသနိုင်ခဲ့ပါတယ်။ ဒဏ်ရာတွေက တစ်ခုချင်းစီ ရရှိထားတာပါ။ ဒါတွေက ပြန်လည် ထူထောင်ရေး ကာလကို နှေးကွေးစေသလို၊ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပိုပြီးရှုပ်ထွေးစေပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ အချိန်အတိုင်းအတာနဲ့ ပတ်သက်ပြီး မပြောဖြစ်ဘူး”လို့ ဘရာဇီးလ်လေ့ကျင့်ရေးစင်တာမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နေမာကို တွေ့ရစဉ်

နေမာဟာ အောက်တိုဘာလက ဘရာဇီးလ်အသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်ဖြစ်တဲ့ ဥရုဂွေးအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားရင်း ဒူးအရွတ်နဲ့ ဒူးအတွင်းအရိုးနု ဒဏ်ရာခံစားခဲ့ရပါတယ်။

အဲ့ဒါကြောင့် နေမာဟာ အခုလအစောပိုင်းက Belo Horizonte ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လက်ရှိအချိန် မှာ အနားယူနေရတာ ဖြစ်ပါတယ်။ 

နေမာအနေနဲ့ ခွဲစိတ်မှုကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် ၈ လကနေ ၁၀ လအထိ ကြာမြင့်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘရာဇီးလ်အသင်း ဆရာဝန်ကတော့ တိုက်စစ်မှူးဟာ ကြံ့ခိုင်မှုအပြည့်အဝ ရရှိနိုင်ဖို့အတွက် ကတိပြုထားတယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကမှ ပီအက်စ်ဂျီအသင်းကနေ အယ်လ်ဟီလယ်အသင်းထံ ယူရိုသန်း ၉၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ ကြွက်သားဒဏ်ရာတွေကြောင့် ဆော်ဒီကလပ်အတွက် ၅ ပွဲသာ ပါဝင်ကစားရသေး တာပါ။ 

နေမာဟာ ခွဲစိတ်မှုကြောင့် အခုရာသီအကုန်ထိ အနားယူရဖွယ် ရှိနေတာကြောင့် ဒီရာသီ အယ်လ်ဟီလယ် အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ် မရှိတော့ပါဘူး။ 

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၁၆ ရက်မှာ ကိုလံဘီယာ၊ ၂၁ ရက်မှာ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA