CNI International News
ဝါရှင်တန်၊ မတ်လ ၇
အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် နှောင့်နှေးကြန့်ကြာနေချိန်တွင် အမေရိကန်သည် ဟားမာ့စ်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
“ဆွေးနွေးမှုတွေ ဆက်ပြီး ပြုလုပ်နေပါတယ်။ အသေးစိတ်ကိုတော့ ကျမ ပြောမှာမဟုတ်ပါဘူး” ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရိုလိုင်း လက်ဗစ် (Karoline Leavitt) က မတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။
“ကမ္ဘာတစ်ဝန်းက လူတွေနဲ့ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ ပြုလုပ်တာဟာ အမေရိကန် ပြည်သူတွေရဲ့ အကျိုး စီးပွားအတွက် အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်ပါတယ်။ သမ္မတကြီးကလည်း ယုံကြည်ချက်ရှိပြီး အမေရိကန် ပြည်သူတွေအတွက် မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု လက်ဗစ်က ပြောသည်။
အစ္စရေးတွင် ဟားမာ့စ်တို့၏ ဖမ်းဆီးခြင်းခံထားရသည့် ဓားစာခံများနှင့်ပတ်သက်ပြီး အထူးသံတမန်အဖြစ် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အဆိုပြုခံထားရသူ အဒမ် ဘူလာ (Adam Boehler) သည် ဟားမာ့စ်တို့နှင့် ပြုလုပ်သော တိုက်ရိုက် ဆွေးနွေးမှုများတွင် ပါဝင်ခဲ့သည်။
ဟားမာ့စ်အဖွဲ့ကို တွေ့ရစဉ်
ဟားမာ့စ် အရာရှိတစ်ဦးကမူ ဂါဇာတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် အစ္စရေး-အမေရိကန် ဓားစာခံများနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများလည်း ပြုလုပ်ခဲ့သည်ဟု AFP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့သည်။
အမေရိကန်သည် ၁၉၉၇ ခုနှစ်က ဟားမာ့စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့ စာရင်းသွင်းပြီး တားမြစ်ပိတ်ပင်ခဲ့ပြီး ကတည်းက ထိုအဖွဲ့နှင့် တိုက်ရိုက် ဆွေးနွေးမှုများ မရှိခဲ့ကြောင်း ယခင်က လူသိရှင်ကြား ငြင်းဆိုခဲ့ဖူးသည်။
အစ္စရေးကမူ ဟားမာ့စ်နှင့် တိုက်ရိုက် ဆွေးနွေးမှုများအတွက် အမေရိကန်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်ဟု ဆိုသည်။
အစ္စရေးအရာရှိများကမူ အမေရိကန်နိုင်ငံသား အီဒန် အလက်ဇန်းဒါး (Edan Alexander) အပါအဝင် အသက်ရှိနေ သေးသည့် ဓားစာခံ ၂၄ ဦးနှင့် သေဆုံးခဲ့သည့် ဓားစာခံများ၏ ရုပ်အလောင်း ၃၅ လောင်းသည် ဂါဇာတွင် ထိန်းသိမ်း ခံထားရဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက အဆုံးသတ်သွားသည့် အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကာလအတွင်း ဟားမာ့စ်အဖွဲ့က ဓားစာခံ ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့ကာ အစ္စရေးက ပါလက်စတိုင်း ၂၀၀၀ ကျော် ကို ပြန်လွှတ်ပေးခဲ့သည်။
Source: Al Jazeera