CNI International News
အဒစ် အဘာဘာ၊ ဖေဖော်ဝါရီ ၂၄
အီသီယိုပီးယားနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက အီရစ်ထရီးယား မဟာမိတ်တပ်များ ပါဝင်သည့် အီသီယိုပီးယားအစိုးရတပ်ဖွဲ့နှင့် တီဂရေး (Tigray) တပ်ဖွဲ့များကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် တိုက်ပွဲများ ရပ်တန့်ခဲ့သော်လည်း လက်ရှိတွင် တီဂရေးဒေသ၌ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည့် အရိပ် လက္ခဏာများ ပေါ်ပေါက်လာသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
လတ်တလော ကာလအတွင်း အီသီယိုးပီးယား ဖက်ဒရယ်အစိုးရသည် ဒရုန်းများဖြင့် တိုက်ခိုက်နေသဖြင့် ထိုလုပ်ရပ်သည် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု တီဂရေးအာဏာပိုင်များက စွပ်စွဲထားသည်။
တစ်ချိန်တည်းမှာပင် အီသီယိုးပီးယားအစိုးရကလည်း အိမ်နီးချင်း အီရီထရီးယားနိုင်ငံသည် နယ်စပ်ချင်း ထိစပ် နေသည့် တီဂရေးဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များကို စည်းရုံးခြင်းနှင့် ရန်ပုံငွေ ထောက်ပံ့ခြင်းများ ပြုလုပ် နေသည်ဟု ပြန်လည်စွပ်စွဲထားသည်။
အဆိုးရွားဆုံး ဖြစ်လာနိုင်သည့် အခြေအနေမှာ အီရီထရီးယားစစ်တပ်သည် တီဂရေးဒေသကို အုပ်ချုပ်နေသည့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) နှင့် ပူးပေါင်းကာ အီသီယိုးပီးယား အစိုးရတပ်များကို ပြန်လည် တိုက်ခိုက်လာမည့် အခြေအနေပင် ဖြစ်သည်။
၂၀၂၂ ခုနှစ်က ပြီးဆုံးခဲ့သော တီဂရေးစစ်ပွဲသည် အလွန်ရက်စက် ကြမ်းကြုတ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ ကျူးလွန်ခြင်းနှင့် စားနပ်ရိက္ခာ ဖြတ်တောက်မှုကို စစ်လက်နက်သဖွယ် အသုံးချခဲ့ခြင်းတို့ ရှိခဲ့ကြောင်း စွပ်စွဲ ချက်များစွာ ထွက်ပေါ်ခဲ့သည်။

အီသီယိုးပီးယားစစ်ပွဲအတွင်း အပျက်အစီးများကို တွေ့ရစဉ်
တီဂရေးဒေသ၏ မီကီလီ (Mekele) မြို့တော်ရှိ ဒေသခံ အများအပြားကလည်း စစ်ပွဲကာလအတွင်း အီသီယိုးပီးယားအစိုးရ၏ ဆက်သွယ်ရေး ဖြတ်တောက်မှုများနှင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များကို စိုးရိမ်နေကြပြီး တိုက်ပွဲများ ပြန်လည်မဖြစ်ပွားမီ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ရန် ကြိုးပမ်းနေကြသည်။
အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed) က ပင်လယ်ထွက်ပေါက် ပြန်လည်ရရှိရန် ရည်ရွယ်ထားသဖြင့် စစ်ပွဲသစ်တစ်ခုကို ဖြစ်ပွားလာစေနိုင်ကြောင်း လေ့လာသူများက ရှုမြင်ထားသည်။
၁၉၉၃ ခုနှစ်တွင် အီရီထရီးယားနိုင်ငံ လွတ်လပ်ရေး ရရှိသွားပြီးနောက် ကုန်းတွင်းပိတ် နိုင်ငံဖြစ်သည့် အီသီယိုးပီးယားသည် ပင်လယ်နီ ထွက်ပေါက်ကို ဆုံးရှုံးခဲ့ရသည်။
ပင်လယ်နီနှင့် အီသီယိုးပီးယားတို့သည် ထာဝရ ခွဲခြားထား၍ မရနိုင်ကြောင်း အာမက်က ယခုလ အစောပိုင်းတွင် လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
အီရစ်ထရီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရီမန်နီ ဂါဘရီမက်စကယ် (Yemane Gebremeskel) ကမူ အီသီယိုပီးယားဝန်ကြီးချုပ်၏ ရည်မှန်းချက်သည် စိတ်ကူးယဉ်ဆန်သည့် ရောဂါတစ်ခုသာဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။
Source: အေပီ
