CNI International News

ကိယက်ဗ်၊ ဇန်နဝါရီ ၂၉

ရုရှားနှင့်ယူကရိန်း စစ်ပွဲအတွင်း နှစ်နိုင်ငံစလုံးတွင် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက် စုစုပေါင်းသည် ၂ သန်းနီးပါး ရှိလာခဲ့ကြောင်း အမေရိကန်ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ရုရှားဘက်မှ ထိခိုက်ဒဏ်ရာရသူနှင့် အသေအပျောက် စုစုပေါင်း ၁ ဒသမ ၂ သန်းရှိခဲ့ပြီး ၎င်းတို့အနက် သေဆုံးသူ ၃၂၅,၀၀၀ ခန့်ရှိခဲ့သည်ဟု မဟာ ဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ လေ့လာချက် စစ်တမ်းတွင် ဖော်ပြခဲ့သည်။

“ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဘယ်စစ်ပွဲမှာမှ ဒီလောက် များပြားတဲ့ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုမျိုးကို ဘယ်အင်အားကြီးနိုင်ငံမှ မကြုံတွေ့ခဲ့ရဖူးပါဘူး။ ရုရှားတပ်တွေဟာ စစ်မြေပြင်မှာ နှေးကွေးစွာနဲ့ ရှေ့ဆက်ချီတက် နေပါတယ်” ဟု CSIS က ထုတ်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံသူတွေကို တွေ့ရစဉ်

ယူကရိန်းနှင့် ရုရှားကြား ၄ နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်ပြီး နှစ်နိုင်ငံစလုံးမှ ညှိနှိုင်းရေးမှူးများ အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် တိုက်ရိုက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီးနောက် ရက်ပိုင်း အကြာတွင် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းနှင့် ရုရှားကြား ဆွေးနွေးပွဲများကို ဖေဖော်ဝါရီ ၁ ရက်တွင် ယူအေအီးနိုင်ငံ၊ အဘူဒါဘီ(Abu Dhabi) မြို့၌ ဆက်လက် ကျင်းပသွားဖွယ်ရှိသည်။

ယူကရိန်းတပ်ဖွဲ့များသည်လည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထိခိုက်ဒဏ်ရာ ရသူ နှင့် သေဆုံးသူ စုစုပေါင်း ၅၀၀,၀၀၀ နှင့် ၆၀၀,၀၀၀ ကြားရှိခဲ့ပြီး ၎င်းတို့အနက် လူပေါင်း ၁၀၀,၀၀၀ မှ ၁၄၀,၀၀၀ ကြားသည် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း CSIS က ထုတ်ပြန်ခဲ့သည်။

Source: South China Morning Post