CNI International News
ဝါရှင်တန်၊ ဧပြီ ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အမေရိကန်သည် နေတိုးအဖွဲ့မှ နုတ်ထွက်မည် ဖြစ်ကြောင်း ဧပြီ ၁ ရက်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်နိုင်ငံအနီးရှိ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန်အတွက် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများက စစ်သင်္ဘော များ စေလွှတ်ရန် ငြင်းဆိုခဲ့ပြီးနောက် ထရမ့်သည် နေတိုးအဖွဲ့ဝင် နိုင်ငံများကို မကြာခဏ ပြစ်တင်ဝေဖန်ခဲ့သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခ ပြီးဆုံးသွားသည့်နောက်တွင် အမေရိကန်အနေဖြင့် နေတိုး မဟာမိတ်အဖွဲ့ဝင်အဖြစ် ဆက်ရှိနေရန် ပြန်လည်သုံးသပ်ရန် ရှိ/မရှိ The Telegraph သတင်းစာက မေးမြန်းရာတွင် ထရမ့်က “ဟုတ်ပါ တယ်၊ ပြန်လည် သုံးသပ်ရုံတင် မကတော့ဘူးလို့ ကျနော် ပြောချင်ပါတယ်”ဟု ဖြေကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကလည်း မိမိတို့ အနေဖြင့် နေတိုးအဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရန် သင့်၊ မသင့်ကို စဉ်းစား သုံးသပ်သွားမည်ဖြစ်ကြောင်း Fox News သတင်းဌာနကို ပြောကြား ခဲ့သည်။
အေပီသတင်းဌာနက နေတိုးအဖွဲ့ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ချက်ချင်း တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။

ဗြိတိန်ဝန်ကြီးချုပ်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ကမူ ၎င်း၏အစိုးရသည် နေတိုးအဖွဲ့အပေါ် အပြည့်အဝ အာရုံစိုက်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး နေတိုးအဖွဲ့သည် ကမ္ဘာပေါ်တွင် အထိရောက်ဆုံးနှင့် တစ်ခု တည်းသော စစ်မဟာမိတ်အဖွဲ့ဟု တင်စားခေါ်ဝေါ်ခဲ့သည်။
လက်ရှိတွင် ဥရောပခေါင်းဆောင် အများစုသည် အီရန် စစ်ပွဲကြောင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို ရင်ဆိုင် နေရသည်။
အဘယ်ကြောင့်ဆိုသော် ဥရောပနိုင်ငံများအတွင်း၌ အီရန်စစ်ပွဲကို ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေခြင်းနှင့် ကမ္ဘာ့ ရေနံ ထောက်ပံ့မှု ပမာဏ၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသွားသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အီရန်က ပိတ်ဆို့ထားမှုကြောင့် ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်သည်။
“ကျနော့် အပေါ်ဖြစ်စေ၊ တခြားသူတွေ အပေါ်မှာဖြစ်စေ ဘယ်လို ဖိအားတွေပဲရှိပါစေ၊ ဘယ်လို ဆူညံသံတွေပဲ ထွက်ပါစေ၊ ကျနော် ချမှတ်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ဗြိတိန်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက်ပဲ ဖြစ်ပါ တယ်”ဟု စတာမာက ပြောကြားခဲ့သည်။
Source: ရိုက်တာ
