CNI International News
ဘဂ္ဂဒက်၊ ဧပြီ ၃
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် တစ်ချိန်က ရေနံလုပ်သားများ၏ အသံများ ရေနံတူးစက်သံများဖြင့် ဆူညံနေခဲ့သည့် အီရတ်နိုင်ငံ၏ ရေနံမြေများသည် ယခုအခါတွင် တိတ်ဆိတ် ခြောက်ကပ်သွားခဲ့ရကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ထား၍ တစ်ချိန်က ကုန်စည်ကူးသန်းမှုများဖြင့် သက်ဝင် လှုပ်ရှားခဲ့သည့် အီရတ်၏ ဆိပ်ကမ်းများသည်လည်း တိတ်ဆိတ်သွားခဲ့သည်။
အီရတ်နိုင်ငံသည် ၎င်း၏ နိုင်ငံတော် ဘတ်ဂျက်၏ ၉၀ ရာခိုင်နှုန်းခန့်အတွက် ရေနံမှ ရရှိသော ဝင်ငွေအပေါ် မှီခို နေရပြီး၊ ၎င်း၏ ရေနံအများစုကို ပါရှန်းပင်လယ်ကွေ့၏ ကျဉ်းမြောင်းသော ထွက်ပေါက်ဖြစ်သည့် ဟော်မုဇ် ရေလက်ကြားမှတဆင့် တင်ပို့ခြင်းဖြစ်သည်။
ထို့ပြင် အီရန်စစ်ပွဲကြောင့် အီရတ်တောင်ပိုင်းရှိ ဆိပ်ကမ်းများသို့ ရောက်ရှိလာသော ပြည်ပသွင်းကုန် ပမာဏမှာ လည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။
ထို့ကြောင့် အီရန်စစ်ပွဲသည် အီရတ်၏ သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကာ အီရတ်၏ စီးပွားရေး အတွက် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။

အီရတ်ပြည်သူများကိုတွေ့ရစဉ်
စစ်ပွဲဒဏ် ခံနေရသည့် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများနှင့် မတူသည့် အချက်မှာ အီရတ်နိုင်ငံတွင် အီရန် လိုလားသော လက်နက်ကိုင် အင်အားစုများသာမက အမေရိကန်၏ အဓိက အကျိုးစီးပွားဖြစ်သော လုပ်ငန်းများပါ အခြေစိုက် တည်ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် အီရန်သည် နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုဒဏ်ကို ခံနေရပြီး စစ်ပွဲ စတင်ကတည်းက အီရတ်တောင်ပိုင်း ဘတ်စရာ (Basra)မြို့တွင် ရေနံထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။
ထို့ပြင် အီရတ်နိုင်ငံ၏ ဆိပ်ကမ်းများသို့ ရောက်ရှိလာသော သွင်းကုန်ပမာဏမှာလည်း ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။
လက်ရှိတွင် အီရတ်ရှိ အမေရိကန်ကုမ္ပဏီများနှင့် စစ်အခြေစိုက် စခန်းများကို အီရန်နှင့် အီရန်လိုလားသည့် လက်နက်ကိုင်များက ပစ်မှတ်ထား တိုက်ခိုက်နေသည်။
အီရန်နှင့် မဟာမိတ်ပြုထားသည့် အီရတ်ပြည်သူ့စစ် အဖွဲ့များသည်လည်း ရေနံမြေများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သဖြင့် ပြည်ပနိုင်ငံများမှ အလုပ်သမား အများအပြားမှာလည်း အီရတ်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
Source: အေပီ
