CNI International News
တိုကျို၊ နိုဝင်ဘာ ၇
ဂျပန်နိုင်ငံမြောက်ပိုင်း၊ အကီတာ (Akita) စီရင်စုနယ်၏ တောင်တန်းဒေသများတွင် နေထိုင်သူများကို ဝက်ဝံများ က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ မြင့်တက်ခဲ့သဖြင့် ထိုဝက်ဝံများ၏ရန်မှ ကာကွယ်ပေးရန် စစ်သားများအား ဖြန့်ကြက်ချထားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဝက်ဝံများသည် ဆောင်းခိုသည့် ကာလမတိုင်မီ အစာရှာ ထွက်ကြချိန်တွင် ဒေသခံများနှင့် မကြာခဏ ထိပ်တိုက် တွေ့မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အညိုရောင် ဝက်ဝံများနှင့် ဟိမဝန္တာဝက်ဝံ (Asiatic black bear) များကို စာသင်ကျောင်းများ၊ ရထားဘူတာရုံများ၊ စျေးဝယ်ကုန်တိုက်များနှင့် ရေပူစမ်းများ အနီးတွင် မကြာခဏ မြင်တွေ့နေရသည်။
ဧပြီလကတည်းက ဂျပန်နိုင်ငံတစ်ဝန်းတွင် ဝက်ဝံများ၏ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ၁၂ ဦး သေဆုံးခဲ့ကြောင်း ဂျပန်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာလ ကုန်ပိုင်း ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

ဝက်ဝံ အန္တရာယ် ကာကွယ်နေကြစဉ်
ဝက်ဝံကောင်ရေ တိုးပွားလာမှုနှင့်အတူ လူနေရပ်ကွက်များအထိ ရောက်ရှိလာမှုကြောင့် ဒေသခံများသည် ကြောက်ရွံ့ ထိတ်လန့်နေရသည်ဟု ဆိုသည်။
အစိုးရ၏ ခန့်မှန်းချက်အရ ဝက်ဝံကောင်ရေ ၅၄,၀၀၀ ကျော်အထိရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အကီတာ စီရင်စုနယ် အာဏာပိုင်များသည် ဝက်ဝံများကို ဖမ်းဆီးရန်၊ မုဆိုးများကို သယ်ယူပို့ဆောင်ပေးရန်နှင့် ဝက်ဝံ အသေကောင်များကို မြေမြှုပ်ရန်အတွက် စစ်သားများ ဖြန့်ကြက် ချထားရန် သဘောတူညီချက် တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် စစ်သားများသည် ဝက်ဝံများကို သုတ်သင်ရန်အတွက် လက်နက်များကို အသုံးပြုလိမ့်မည် မဟုတ် ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လက်ရှိတွင် ဝက်ဝံများကို ဖမ်းဆီးရေးနှင့် ခြောက်လှန့် မောင်းထုတ်ရေးတို့အတွက် ကာဇူနို (Kazuno) မြို့၏ သစ်တောဒေသတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Source: အေပီ
