CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၆
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြောက်ကိုရီးယား၏ ဆိုက်ဘာတိုက်ခိုက်မှုနှင့်ဆက်နွှယ်သည့် ငွေကြေး ခဝါချမှု အစီအစဉ်များတွင် ပါဝင်သည်ဟု ယူဆရသည့် လူပုဂ္ဂိုလ် ၈ ဦးနှင့် အဖွဲ့အစည်း ၂ ခုကို နိုဝင်ဘာ ၄ ရက်က ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ပိတ်ဆို့မှုများ ပြုလုပ်ခြင်းသည် မြောက်ကိုရီးယား၏ လက်နက် စီမံကိန်းများအတွက် ငွေကြေး အရင်းအမြစ်များကို ဖြတ်တောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“မြောက်ကိုရီးယားရဲ့ လက်နက် စီမံကိန်းအတွက် ဝင်ငွေတွေ ရှာပေးခြင်းအားဖြင့် အဲဒီလူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ အစည်းတွေဟာ အမေရိကန်နှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေပါတယ်”ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာန၏ လက်ထောက်ဝန်ကြီး ဂျွန် ဟာလေ (John Hurley) က ပြောကြားခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြောက်ကိုရီးယား၏ တရားမဝင် ဝင်ငွေ အရင်းအမြစ်များကို ဖြတ်တောက်နိုင်ရန် အတွက် ထိုအစီအစဉ်များ၏ နောက်ကွယ်တွင် လှုပ်ရှားနေသူများကို ဆက်လက်ပြီး အရေးယူ သွားမည်ဟုလည်း ဟာလေက ပြောသည်။

မြောက်ကိုရီးယား အလံကိုတွေ့ရစဉ်
ပိတ်ဆို့ခံရသူများအနက် မြောက်ကိုရီးယား ဘဏ်လုပ်ငန်းရှင်များဖြစ်သည့် ဂျန်ကွတ်ချွဲ (Jang Kuk Chol) နှင့် ဟိုဂျွန်ဆွန် (Ho Jong Son) တို့ ပါဝင်ကြောင်း ၎င်းတို့ ၂ ဦးသည် အမေရိကန်ပြည်သူများကို ပစ်မှတ်ထားခဲ့သော ဆိုက်ဘာတိုက်ခိုက်မှုနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းကိုယ်စား ငွေကြေးများကို စီမံခန့်ခွဲရာတွင် ကူညီပေးခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားအခြေစိုက် Mangyongdae Computer Technology ကုမ္ပဏီသည်လည်း ပိတ်ဆို့မှု ချမှတ်ခံရပြီး ထိုကုမ္ပဏီသည် ငွေကြေးများကို လမ်းကြောင်းလွှဲရန် တရုတ်နိုင်ငံသားများအား ကိုယ်စားလှယ် အဖြစ် အသုံးချခဲ့ကြောင်း၊ ထိုကုမ္ပဏီဥက္ကဋ္ဌ ယူယောင်ဆူး ( U Yong Su) ကိုလည်း ပိတ်ဆို့မှု ချမှတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
နောက်ထပ် ပိတ်ဆို့မှု ချမှတ်ခံရသူ ၅ ဦးသည် တရုတ် သို့မဟုတ် ရုရှားတွင် အခြေစိုက်သည့် မြောက်ကိုရီးယား၏ ငွေကြေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။
ထို့ပြင် တရုတ်နှင့် မြောက်ကိုရီးယားကြား ပိတ်ဆို့မှုများကို ရှောင်လွှဲသည့် လုပ်ငန်းများကို အထောက်အကူ ပေးခဲ့သော မြောက်ကိုရီးယားအခြေစိုက် Ryujong Credit Bank ဘဏ်ကိုလည်း ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်ဟု ဆိုသည်။
“အဲဒီလုပ်ဆောင်မှုတွေထဲမှာ မြောက်ကိုရီးယားရဲ့ နိုင်ငံခြားငွေရရှိမှု၊ ငွေကြေးခဝါချမှု၊ ပြည်ပရောက် မြောက်ကိုရီးယား လုပ်သားတွေရဲ့ ငွေကြေး လွှဲပြောင်းပေးမှုတွေကို ကြားခံဝင်ရောက် ကူညီပေးတာတွေလည်း ပါဝင်ခဲ့ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
