CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အစိုးရသက် တမ်းနှင့်တွက်၍ မလုပ်ဘဲ နိုင်ငံတော်လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်သင့်သည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကို ကြီးက CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်ချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏ အခြေခံ အကြောင်းတရားများဖြစ်သည့် သမိုင်းနောက်ခံ အဖြစ်အ ပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ၊ နိုင်ငံရေး ခံယူချက်များကို ထည့်မစဉ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
တခုတည်းသော တပ်မတော် ထားရှိရမည်ဆိုသည့် စဉ်းစားချက်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို အသိအမှတ် ပြုရမည်ဆိုသည့် စဉ်းစားချက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ သတ်မှတ်ပေးရမည်ဆိုသည့် စဉ်းစား ချက်များသည် “လုံခြုံရေး ရှုထောင့်”ကို အခြေခံသည့် စဉ်းစားချက်များ ဖြစ်၍ အချိန်အတိုအတွင်း မပြီးနိုင်သည် ကိုလည်း စဉ်းစားရမည်ဟု ၎င်းတို့က ထောက်ပြကြသည်။
ငြိမ်းချမ်းရေးဆိုသည်က တစ်ထိုင်တည်းဖြင့် ပြီးသွားခြင်း မဟုတ်ကြောင်း၊ ထိုကြောင့် နိုင်ငံတော်၏ လုပ်ငန်းစဥ် တစ်ခုအနေဖြင့် ချဥ်းကပ်ဆောင်ရွက်ရန် လိုသည်ဟု ပြည်သူ့ပါတီ(pp)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်၊ တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ငြိမ်းချမ်းရေးကတော့ အစိုးရ အဆက်ဆက်လည်း လုပ်ခဲ့တာပဲ ဟိုပြောရရင်တော့ ငြိမ်းချမ်းရေးဆိုတာက တစ်ထိုင်တည်းနဲ့ ပြီးသွားမှာတော့ မဟုတ်ဘူး။ ကျနော်တို့က တဖြည်းဖြည်းနဲ့ပိုပြီး ပြည့်စုံတဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ဆောင်ရွက်တဲ့နေရာမှာ ကိုယ်လိုချင်သမျှအားလုံး ကိုယ်မျှော်လင့်တာတွေ အားလုံး ကို တစ်ထိုင်တည်းနဲ့ ရမယ်လို့ကတော့ ဘယ်ဘက်ကမှ မျှော်လင့်လို့မရဘူး။ ဒါကြောင့်မို့လို့ တဖြည်းဖြည်းနဲ့ ဒီထက် ဒီထက် ပိုကောင်းတဲ့ ပိုပြီးတိုးတက်တဲ့ ရလဒ်ထွက်အောင် ဆောင်ရွက်သွားဖို့ ဒါကို လုပ်ငန်းစဥ် တစ်ခုပေါ့ နော်၊ ဖြစ်စဥ်တစ်ခု အဖြစ်နဲ့ လက်ခံကြဖို့ လိုတယ်လို့ မြင်ပါတယ်။ အစိုးရ သက်တမ်းနဲ့ တွက်လို့မရပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ဒါကနိုင်ငံတော်ရဲ့ လုပ်ငန်းစဥ် တစ်ခုအဖြစ်နဲ့ ချဥ်းကပ် ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်” ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မိမိ၏ နိုင်ငံရေး တောင်းဆိုချက်များကို နိုင်ငံရေးဘောင်ထဲမှ တရားဝင်ဖြစ်အောင် လုပ်သင့်ပြီး နိုင်ငံရေးရလဒ် ခိုင် မာမှုဖြစ်လာအောင် ဆောင်ရွက်ရန်လိုကြောင်း ပြည်သူ့ပါတီ(pp)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းစိန်လက်ထက်က MPC ဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းကို တွေ့ရစဉ်
၎င်းက “ဟိုတိုက်ခိုက် ပစ်ခတ် နေတယ်ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ဆက်သွယ်ရေး လမ်း ကြောင်းတွေကတော့ ရှိနေဖို့လိုတယ်။ အဲ့တော့ တစ်ဖက်ကလည်းပဲ ကိုယ့်ရဲ့နိုင်ငံရေး တောင်းဆိုချက် လိုလား ချက်တွေကို ဟိုနိုင်ငံရေးဘောင်ထဲကမှ တရားဝင်ဖြစ်အောင် လုပ်လို့ရတာ အဲ့တော့ လက်နက်ကိုင် သိမ်းတယ်ဆို တာက ကိုယ်အားသာရင် ကိုယ်သိမ်းလိုက် သူအားသာရင် သူပြန်သိမ်းလိုက်၊ ပြန်ဆုတ်ပေးလိုက်နဲ့ ဒီလိုပဲဖြစ်နေမှာ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ တိုင်းရင်းသား တန်းတူညီမျှရေး ဖက်ဒရယ်အရေး၊ ဒီအာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုဆိုတဲ့ အချက်တွေကို တရားဝင် ခိုင်မာမှုဖြစ်အောင် ဆောင်ရွက်မှသာလျှင် အဲ့ဒီ ရလဒ်က တရားဝင်တယ် ခိုင်မာတယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးရလဒ် ခိုင်မာမှုဖြစ်လာ အောင် ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်သည့်အခါ အစိုးရအသစ် အပြောင်းအလဲဖြစ်တိုင် လူ၊ မူ၊ အဖွဲ့အစည်းများပါ ပြောင်းလဲသွားကာ ယခင် အစိုးရအဆက်ဆက် တည်ဆောက်ခဲ့သော အခင်းအကျင်းများသည် ယုံကြည်မှု ပျောက်၍ ထစ်ဆို့မှုများ ပေါ်ပေါက်လျက်ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
