CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆

ရွေးကောက်ပွဲတွင်  USDP သည် ဥပဒေများအရ အလေးသာနေခြင်းမျိုး မဟုတ်ဘဲ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ ၎င်းတို့ဘက်သို့ အလေးသာသလို ဖြစ်နေကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံရေး အခင်းအကျင်း ဒီလိုမျိုး မဖြစ်နေဘူးဆိုရင်တော့ မျှတတယ်လို့ မြင်ကြမှာ။ ဒါပေမယ့် အခုလက်ရှိ အခြေအနေမှာ နိုင်ငံရေးအခင်းအကျင်း ဒီလိုဖြစ်နေတဲ့ အခါကြတော့ သူတို့က နဂိုက အောက်ခြေမှာ သူတို့ ခိုင်ခိုင် မာမာ လုပ်ထားသလို ဖြစ်တဲ့အတွက် တချို့နိုင်ငံရေးပါတီတွေက အောက်ခြေမှာ မလုပ်နိုင်သေးဘူး။ ပါတီအသစ် လည်း ဟုတ်တယ်၊ ပါတီအဟောင်းတွေ အောက်ခြေမှာ ခိုင်ခိုင်မာမာ ရှိတဲ့အဖွဲ့တွေလည်း မလုပ်နိုင်ဘူး။ အဲဒီလို ဖြစ်တဲ့ အချိန်မှာ သူတို့ ကြံ့ခိုင်ရေးဘက်က အလေးသာသွားတာပေါ့။ အလေးသာတယ်ဆိုတာ ပြိုင်ဘက်မရှိ ၂၈ မြို့ပေါ့၊ ရသွားတယ်ဆိုတာလည်း ဒီကိစ္စတွေပေါ့။ သူတို့ဘက် အလေးသာတယ်ဆိုပြီး ဆွဲထားတဲ့ဥပဒေမဟုတ်ဘူး။ ဒါပေမယ့် လက်ရှိနိုင်ငံရေး အခြေအနေအရလည်း သူတို့အဖွဲ့က အလေးသာသလို ဖြစ်သွားတာပါလို့ ကျနော်တို့ ကတော့ အဲဒီလိုမြင်တယ်” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း(၁)၌ USDP ပါတီမှ ကိုယ်စားလှယ်လောင်း များမှအပ အခြားပါတီက ပြိုင်သူမဲ့ဖြစ်နေသောကြောင့် ၎င်းပါတီ ကိုယ်စားလှယ်လောင်း ၂၈ ဦးသည် မပြိုင်ခင် ကတည်းက အနိုင်ရနေသည့် အခြေအနေဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ရွေးကောက်ပွဲ မပြိုင်ကတည်းက အနိုင်ရတဲ့ စာရင်းကို တွေ့ရစဉ်

USDP ပါတီသည် နိုင်ငံတဝန်းရှိ မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်ဖြင့် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီလည်း ဖြစ်သည်။

လက်ရှိတွင် တပ်အတွင်းက စီနီယာ ဒုတိယဗိုလ်ချုပ်ကြီး အချို့တို့သည် USDP ၏ ကိုယ်စားလှယ်လောင်းများ အဖြစ် လာမည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

USDP အနေဖြင့် ၎င်းတို့ပါတီ တစ်ခုတည်းသာ ရရှိရန် စဉ်းစားထားခြင်းဖြစ်ပြီး ပါတီအတွင်း လူဟောင်းများနှင့် အသစ်ဝင်ရောက်လာသည့် တပ်အတွင်းက စီနီယာ ဒုတိယဗိုလ်ချုပ်ကြီး အချို့တို့အကြား သဘောထား ကွဲလွဲမှု များလည်း ရှိလာနိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

USDP ပါတီကို တွေ့ရစဉ်

၎င်းက “သူ့ဟာသူ သူ့ဖဲသူချိုးပြီး သူ့ဟာသူ လုပ်ထားတာပဲ။ နည်းနည်းလေး အလားအလာရှိတဲ့ သူမှန်သမျှ အကုန် ပိတ်ထားတာလေ ရှင်းနေတဲ့ကိစ္စပဲ။ သူတို့က တစ်ပါတီတည်း။ ကျန်တဲ့လူကို ခွဲကိုမပေးနိုင်ဘူး ဖြစ်နေတာ။ စဉ်းစားကြည့် ဒေါ်သက်သက်ခိုင် လိုလူမျိုးက ဘာများ ပြည်သူလူထု အကျိုးအတွက် လုပ်ပေးမှာမို့လို့လဲ။ အဲဒီလို လူမျိုးကိုယ်တောင်မှ သူက မပေးနိုင်ဘူး။ သူ့ပါတီမှသူ။ တစ်ဦးတည်းပဲ ရဖို့စဉ်းစားတာ။ သူ့အချင်းချင်းကြားမှာ လည်း ကြားဦးမယ် မယုံရင် နားထောင်ကြည့်။ USDP နဂိုလူဟောင်းတွေနဲ့ အခု စစ်ဗိုလ် လူထွက်တွေ ရောက်လာ တာနဲ့ ကြားရဦးမှာပါ။ သူတို့က ဒီပြဿနာကိုထင်တာက သူတို့အတွက် ထွက်ပေါက်လို့ ထင်တယ်။ ကျမတော့ မထင်ဘူး သူတို့အတွက် ပိုတောင်အန္တရာယ် ရှိသေးတယ်။ အကွဲကွဲ အပြဲပြဲတွေ ဖြစ်ကြဦးမှာ” ဟု ပြောသည်။

ထိုရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီ ၅၇ ခု မှတ်ပုံတင်ထားသော်လည်း NLD သို့မဟုတ် ယုံကြည် လက်ခံ နိုင်လောက်သည့် အတိုက်အခံပါတီများ မပါဝင်သောကြောင့် USDP သည် နေရာ အများစုကို နိုင်မည်ဟု ခန့်မှန်းထားကြသည်။