CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကနေထွက်သွားသည့် ဒေါ်စန္ဒာမင်း ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အပါအဝင် နိုင်ငံရေးပါတီ ၄ ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဖျက်သိမ်းလိုက် ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။
UEC က ဖျက်သိမ်းလိုက်သော နိုင်ငံရေးပါတီ ၄ ပါတီတွင် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၃ ပါတီ ပါဝင်ပြီး တိုင်းဒေသကြီး/ပြည်နယ် တစ်ခုကိုသာ ဝင်ပြိုင်မည့် ပါတီ ၁ ပါတီ ပါဝင်သည်။
ထိုပါတီများမှာ NDF ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)တို့သည် ပြည်ထောင်စုတစ်ဝန်း ပြိုင်မည့်ပါတီများဖြစ်ပြီး ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီကတော့ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုမှာသာ ပြိုင်မည့်ပါတီဖြစ်သည်။
NDF ပါတီသည် ဒေါ်စန္ဒာမင်း၊ ဦးထက်အောင်ကျော်၊ ဒေါက်တာမျိုးဆက်သွေးတို့ ဦးဆောင်ကြပြီး DNP မှာ သမ္မတရုံးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးမောင်(ငြိမ်း) ဦးဆောင်သည်။
အဆိုပါ ပါတီများ ဖျက်သိမ်းရခြင်းမှာ သတ်မှတ် ပါတီဝင် ဦးရေ မပြည့်မီခြင်းနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေ အတွက် မပြည့်မီခြင်းတို့ကြောင့် ဖြစ်သည်ဟု UEC က ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(စ)နှင့် (ဇ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား တင်ရန် ဩဂုတ် ၂၀ ရက်က ထုတ်ပြန်ထား သည်။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၉)နှင့်(၁၀) အရ သတ်မှတ် ရက်ဖြစ်သည့် စက်တင်ဘာ ၇ ရက်အထိ ပုဒ်မ ၅ ပုဒ်မခွဲ(စ)ပါ သတ်မှတ်ပါတီဝင် ဦးရေ မပြည့်မီသည့် NDF ပါတီ နှင့် ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီသော DNP၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီတို့ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုတစ်ဝန်း ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ၉ ပါတီအနက် ၆ ပါတီသာ ကျန်ရှိတော့သည်။
အဆိုပါ ပါတီများမှာ ဦးခင်ရီ ဦးဆောင်သော(USDP)ပါတီ၊ ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် (PPP)ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သော(PP)ပါတီ၊ စိုင်းအိုက်ပေါင်း ဦးဆောင်သည့် (SNDP)ပါတီ၊ ဦးကျော်စွာစိုး ဦးဆောင် သော(MFDP)ပါတီ၊ တစညပါတီတို့ ဖြစ်သည်။