CNI International News
ပြုံယမ်း၊ ဩဂုတ် ၁၅
မြောက်ကိုရီးယားသည် ငြိမ်းချမ်းရေးကမ်းလှမ်းမှုများကို တုံ့ပြန်လိမ့်မည်ဟု တောင်ကိုရီးယားက မျှော်လင့်နေခြင်း သည် လေထဲတိုက်အိမ် ဆောက်နေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong)က ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထို့ပြင် မြောက်ကိုရီးယားသည် နယ်စပ်ဒေသရှိ တောင်ကိုရီးယား ဆန့်ကျင်သည့် ဝါဒဖြန့် အသံချဲ့စက်များကို မည်သည့်အခါကမျှ ဖြုတ်သိမ်းခြင်း မရှိခဲ့ဘဲ နောက်လည်း ဖြုတ်သိမ်းမည် မဟုတ်ကြောင်း ကင်မ်ယိုဂျုံက ပြောသည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု အစီအစဉ်သည် အဓိပ္ပာယ် မရှိကြောင်း၊ ၎င်းတို့၏ ရန်လိုသည့် သဘောထားသည် ပြောင်းလဲခြင်း မရှိကြောင်းလည်း ကင်မ်ယိုဂျုံက ပြောသည်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ ကွဲပြားမှုကိုတွေ့ရစဉ်
မကြာသေးမီ သီတင်းပတ်များ အတွင်းကလည်း ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများ လျှော့ချရန် ရည်ရွယ်ထား သည့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung ) ဦးဆောင်သော လစ်ဘရယ်အစိုးရသစ်၏ အားထုတ်ကြိုးပမ်းမှုများကိုလည်း ကင်မ်ယိုဂျုံက ငြင်းပယ်ခဲ့သည်။
“မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ တောင်ကိုရီးယားရဲ့ မူဝါဒက ပြောင်းလဲခြင်းမရှိဘဲ ဘယ်တော့မှလည်း ပြောင်းလဲမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား စစ်သားများသည် နယ်စပ်ဒေသရှိ တောင်ကိုရီးယား ဆန့်ကျင်သည့် ဝါဒဖြန့် အသံချဲ့စက်များကို စတင် ဖြုတ်သိမ်းနေကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကင်မ်ယိုဂျုံ ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။
တောင်ကိုရီးယားသမ္မတ လီသည် နယ်စပ်ဒေသရှိ မြောက်ကိုရီးယား ဆန့်ကျင်သည့် ဝါဒဖြန့် အသံချဲ့စက်များကို ပိတ်ရန် အမိန့်ပေးခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ အသံချဲ့စက်များအား ပိတ်ခဲ့သည်ဟု ဆို သည်။
အသံချဲ့စက်တွေကို ဖြုတ်နေစဉ်
ထို့နောက် ပြီးခဲ့သည့် သီတင်းပတ်က တောင်ကိုရီးယား စစ်သားများသည် နယ်စပ်ဒေသရှိ အသံချဲ့စက်များကို ဖြုတ်သိမ်းခဲ့သလို မြောက်ကိုရီးယားဘက်ကလည်း ၎င်းတို့၏ အသံချဲ့စက်များအား စတင်ဖြုတ်သိမ်းနေကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည်။
သို့သော် ကင်မ်ယိုဂျုံကမူ မြောက်ကိုရီးယားသည် အသံချဲ့စက်များကို ဖြုတ်သိမ်းခြင်း မရှိဘဲ ထိုကဲ့သို့ ဖြုတ်သိမ်း ရန်လည်း ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် အမေရိကန်နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်မည် မဟုတ်ဘဲ ထွက်ပေါ်နေသည့် ကောလာဟလများသည် သတင်းအမှားများသာဖြစ်ကြောင်း ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။
Source: ရိုက်တာ