CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၃၀
ဆီးရီးယားနိုင်ငံနယ်စပ်အနီး ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အမေရိကန်စစ်စခန်းတစ်ခုကို အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် စစ်သွေးကြွများက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အမေရိကန်စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အောက်တိုဘာလက အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် တိုက်ခိုက်မှုဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးလောင်ကျွမ်းမည့် တင်းမာမှုများကို မြင့်တက်စေခဲ့သည်။
"ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းနေဆဲဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ဆီးရီးယားနဲ့ အီရတ်မှာ လှုပ်ရှားနေတဲ့ အီရန်က ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွအုပ်စုတွေက ပြုလုပ်ခဲ့တယ်ဆိုတာကို ကျနော်တို့ သိပါတယ်"ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ပြောကြားခဲ့သည်။
ဒရုန်းတိုက်ခိုက်မှုကို တွေ့ရစဉ်
"ဒီတိုက်ခိုက်မှုမှာ တာဝန်ရှိတဲ့သူတွေအားလုံးဟာ ကျနော်တို့ ရွေးချယ်ထားတဲ့ ပုံစံအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး" ဟု ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အီရန်၏ အထူးတာဝန်အဖွဲ့ကမူ ထိုတိုက်ခိုက်မှုတွင် အီရန်နိုင်ငံ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။
"အမေရိကန်စစ်စခန်းကို တိုက်ခိုက်မှုဟာ အီရန်နဲ့ ဆက်နွှယ်မှုမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဘာမှ မလုပ်ခဲ့ပါဘူး"ဟု ကုလဆိုင်ရာ အီရန်အထူးတာဝန်အဖွဲ့က ထုတ်ပြန်ချက်ကို အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ဖော်ပြခဲ့ သည်။
ထို့ပြင် ဒေသတွင်း အမေရိကန်တပ်ဖွဲ့များနှင့် တော်လှန်ရေးအုပ်စုများအကြား ပဋိပက္ခဖြစ်ပွားနေကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် လက်တုန့်ပြန်သည့် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းလည်း အီရန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဘိုင်ဒန်ကိုတွေ့ရစဉ်
အမေရိကန်သမ္မတ ဘိုင်ဒန်က တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ်တွင် ပြုလုပ်သည့် မဲဆွယ် စည်းရုံးပွဲတစ်ခုအတွင်း ဂျော်ဒန်၌ သေဆုံးသွားသော အမေရိကန်စစ်သား ၃ ဦးအတွက် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် ခဏကြာ ငြိမ်သက်ခဲ့သလို ထိုတိုက်ခိုက်မှုကို တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကလည်း ထိုဖြစ်စဉ်သည် ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ အရေအတွက်သည် အပြောင်းအလဲ ရှိနိုင်သည်ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ