CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂

နစက ထံသို့ နိုင်ငံခြားငွေ ဝင်ရောက်မှုကို ကန့်သတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့ ကန့်သတ်မှု လုပ်ဆောင်ခြင်းသည် နစကထက် ပြည်တွင်းလုပ်ငန်းရှင်များအား ပိုထိခိုက်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာသူများက ပြောသည်။

ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်း၊ လေကြောင်းလိုင်းများ၊ ခရီးသွား လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ် ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများသည် ငွေပေးချေခြင်းနှင့် အခွန်ပေးဆောင်မှုများ လုပ်ဆောင်ရာ တွင် MICB ဘဏ်နှင့် MFTB ဘဏ်များဖြင့်သာ ချိတ်ဆက် ကြရသည့်အတွက် ပြည်တွင်း လုပ်ငန်းများ ထိခိုက်မှု ရှိနိုင်သည် ဟု Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုက ပိတ်လိုက်တော့ အမေရိကန်ကတော့ sanction ဆိုတော့ ပိတ်လိုက်တယ်ဆိုပေမယ့် အခု ထိခိုက် တာက MOGE နဲ့ ရေနံထွက်တွေ တပ်ရဲ့ ထောင့်တိုင် စီးပွားရေးလုပ်ငန်းတွေကို ဦးတည်တာ မှန်ပေမယ့် ဒီဘက်က စီးပွားရေးလုပ်ငန်း အင်အားစုတွေကို ပိုပြီး သက်ရောက်မှုက ရှိသွားတာပေါ့နော်။ ဘာလို့ဆို လောလောဆယ် ကျနော်တို့ဆီမှာ တရားဝင် လုပ်ဖို့ဆိုတာက အစိုးရဘဏ်တွေနဲ့ သွားမှပဲ အဆင်ပြေတာလေ။ KBZ ဘဏ်တို့ AYA ဘဏ်တွေတော့ ရှိသေးတာပေါ့နော်။ အဲဒီဘဏ်တွေနဲ့တော့ လုပ်လို့ရလားဆိုတော့ Trade နဲ့ကျတော့ အဲဒီဘဏ် တွေကတော့ သွားနေတာပဲ။ ဒါပေမယ့် အားက ဒီလောက် မကြီးဘူးပေါ့”ဟု ပြောသည်။

ထို့နောက် နိုင်ငံခြားဘဏ်ခွဲများ ရှိသော်လည်း အစိုးရက ဖွင့်လှစ်ထားသည့် ဘဏ်များနှင့်ယှဉ်ပါက အခက်အခဲ ဖြစ်သွားနိုင်သည်ဟု ဦးသီဟပိုင်က ပြောသည်။

 မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ဆီမှာရှိတဲ့ နိုင်ငံခြားကနေ လာ ဖွင့်တဲ့ ဘဏ်ခွဲတွေ ရှိတယ်၊ နိုင်ငံခြားဘဏ်တွေလည်း ရှိတယ်။ အဲဒီကနေလည်း Project to Project တော့ သွားနေတာ ရှိတယ်။ ဒါပေမယ့် သူက သူ့အလုပ်ပေါ့နော်။ အစိုးရနဲ့ ဆက်စပ်ပြီး လုပ်ရတဲ့ အခွန်ငွေပေးသွင်းရတဲ့ နိုင်ငံခြား ကော်ပိုရေးရှင်း လုပ်ငန်းတွေကျတော့ နည်းနည်း ခက် သွားတယ်ဗျ သက်ရောက်မှု တော်တော်ရှိတယ်။ ကဏ္ဍတွေကတော့ အစုံပေါ့လေ။ Oil and Gas ကဏ္ဍတွေ၊ စွမ်းအင်ကဏ္ဍတို့၊ လျှပ်စစ်ရောင်းဝယ်ရေးကဏ္ဍတို့၊ ပြီးရင် Travel and Tour၊ လေကြောင်းလိုင်းကဏ္ဍတို့၊ ပြီးရင် သတ္တုတူးဖော်ရေးတို့၊ ပြီးတော့ တကယ့်ကို အစိုးရနဲ့ ချိတ်ဆက်ပြီးတော့မှ သွားရတဲ့ Project လုပ်ငန်းတွေ၊ CMP လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ အကုန်ထိသွားတာ” ဟု ပြောသည်။

အမေရိကန်သည် မြန်မာအစိုးရ၏ ဘဏ်နှစ်ခုကို ပိတ်ဆို့မှု လုပ်ဆောင်ပြီးနောက် ပြည်တွင်းရှိ အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်လာနိုင်သည်ဟု သုံးသပ်ကြခြင်းကြောင့် ပြည်တွင်းရှိ နိုင်ငံခြားငွေကြေး လဲလှယ်သည့် ဝန်ဆောင် မှု လုပ်ငန်းများ ယာယီရပ်ဆိုင်းသွားကြကြောင်း သိရသည်။

ထို့နောက် MFTB နှင့် MICB ဘဏ်တို့ကို ပိတ်ဆို့ခြင်းကြောင့် ပြည်တွင်း/ပြည်ပ ကုန်သွယ်ရေး လုပ်ငန်းအများစု သည် တခြားသော ဘဏ်များကို ပြောင်းလဲသုံးစွဲကြရမည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

စီးပွားရေး လုပ်ငန်းရှင်များနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

၎င်းက “ဒီပြင်ဘဏ် ဘဏ်တွေ ပြောင်းသုံးရမှာပေါ့။ ဒီပြင်ဘဏ်တွေ ပြောင်းသုံးရင် အစိုးရက ပြောင်းလဲပေးမှ ရ မယ်။ အခုက MFTB ပဲ အကုန်လုံး ချိန်းတာလေ။ ကုန်သွယ်ရေး ကိစ္စတွေကျတော့ MFTB ဖြတ်မှ ရတာကိုး။ MFTB မှ ဖြတ်လို့မရတဲ့ကိစ္စကို MFTB က သူက ဘယ်ဘဏ်တွေ official သုံးလို့ရပါတယ်၊ သူမလွှဲပေးရင်တော့ မလွယ် ဘူးလေ။ MFTB ကိုင်တွယ်လိုက်တော့ MFTB မှာ pass လုပ်လို့ မရဘူးပေါ့။ ဒီပြင်ဘဏ်ကိုပဲ လုပ်ရမှာပေါ့။ ကိုဇော်မင်းထွန်းလည်း ပြောသွားတာပဲ။ ဒီပြင်ဘဏ်တွေ သုံးလို့ရပါတယ်။ သုံးလို့ရအောင်လည်း ဗဟိုဘဏ်က ခွင့်ပြုပေးမှ ရမှာပေါ့” ဟု ပြောသည်။

နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမေရိကန်၏ ပိတ်ဆို့မှု သတင်းများကြောင့် မြန်မာ့ ဘဏ်လုပ်ငန်း စိုးရိမ်စရာမရှိကြောင်း၊ ပုံမှန်အတိုင်း နိုင်ငံခြားငွေ လွှဲ-လဲ-အပ် လုပ်ငန်းများ လည်ပတ်နေကြောင်း၊ အမေရိကန်သည် မြန်မာကို စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းဖြစ်အောင်လုပ်နေကြောင်း ပြောသည်။

ကုန်သွယ်ရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ လုပ်ဆောင်မှုများရှိသော်လည်း ဘဏ်များတွင် နိုင်ငံခြားငွေ အမြောက်အများ ရှိမှသာ အဆင်ပြေနိုင်ကြောင်း၊ လက်ရှိတွင် ပုဂ္ဂလိကဘဏ်များသည် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အားနည်းနေခြင်းကြောင့် တရား မဝင် ငွေကြေးလွှဲပြောင်းခြင်း ဟွန်ဒီစနစ် ဖြစ်သွားမည်ကို လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။