CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၆

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကျိုးရှိမည့် အမျိုးသားပို့ကုန်မဟာဗျူဟာ လုပ်ငန်းများကို ဖော်ဆောင်ရန် ပြောကြားလာသော်လည်း မည်ကဲ့သို့ ဖော်ဆောင်မလဲဆိုမှာ စဉ်းစားစရာဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် ပို့ကုန်သမားများက ပြောသည်။

လာမည့် ၂ နှစ်အတွင်း အကျိုးရရှိစေမည့် အမျိုးသားပို့ကုန် မဟာဗျူဟာ လုပ်ငန်းများကို ဖော်ထုတ်ရန် နစကဥက္ကဋ္ဌက ပြီးခဲ့သည့် အမျိုးသားစီမံကိန်းကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

သို့သော်လည်း ပို့ကုန်ကဏ္ဍနှင့် ပတ်သက်၍ လက်ရှိ အခြေအနေအရ အကျိုးရရှိရန်အတွက် မလွယ်ကူကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။

နိုင်ငံတော်အနေဖြင့် ပို့ကုန်လုပ်ငန်းများနှင့် ပတ်သက်၍ ဖော်ထုတ်ရမည် မဟုတ်ဘဲ ပို့ကုန်တင်ပို့နေသူများနှင့် ထုတ်လုပ်သူများအတွက် လုပ်ခွင့်သာသည့် စီးပွားရေး မူဝါဒကို ချမှတ်ပေးနိုင်ရန် အရေးကြီးကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လုပ်ငန်းတွေ ဖော်ထုတ်တယ်ဆိုတာက ဖော်ထုတ်တာက တကယ်တမ်းကျ ကိုယ်က လုပ်ရမှာ မဟုတ်ဘူး။ ကိုယ်က ဖော်ထုတ်ခွင့်သာတဲ့ ပေါ်လစီပဲ ချနိုင်ဖို့ အရေးကြီးတာ။ ပေါ်လစီဆိုတာ စီးပွားရေး ပတ်ဝန်း ကျင် ကောင်းအောင် လုပ်ရမယ်။ မက်ခရိုဘောဂဗေဒ စီးပွားရေးစနစ်ပေါ့ ကောင်းအောင် လုပ်ရမယ်။ စီးပွားရေး စနစ်ဆိုတာ ဈေးကွက်ပေါ့။ ဈေးကွက်ဆိုလို့ရှိရင် တကယ့်ဈေးကွက်ပေါ့။ ပြောချင်တာက စီးပွားရေးစနစ် ကောင်းလို့ရှိရင် ကျန်တာက ကိုယ်ကလုပ်တာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေက လုပ်သွားတာ။ တိုင်းသူ ပြည်သားတွေ လုပ်ခွင့်သာတဲ့၊ လုပ်လို့ကောင်းတဲ့ စီးပွားရေးစနစ်၊ နိုင်ငံရေးစနစ် အဲဒီအခြေခံ ကိုယ့်ဘက်က တည်ဆောက်ပေးလိုက်ရင် ကျန်တာက ကိုယ်လုပ်တာ မဟုတ်ဘူး။ တိုင်းသူပြည်သားက သူ့ဟာသူ အခွင့်အလမ်း တွေ ပွင့်လာပြီး သူ့ဟာသူ လုပ်သွားကြတာ” ဟု ပြောသည်။

 မွေးမြူရေးငါးများကိုတွေ့ရစဉ်

ပို့ကုန်ကဏ္ဍတွင် ကုန်ကြမ်းယူ ကုန်ချောပို့သည့် အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေး ထွက်ကုန်နှင့် ရေထွက်ကုန် များ၊ သတ္တုနှင့် တွင်းထွက်ပစ္စည်း စသည့် ကဏ္ဍ ၁၄ ခုရှိသည့်အတွက် ကဏ္ဍတစ်ခုချင်းစီအလိုက် ဆွေးနွေးညှိနှိုင်း ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။

လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့ရန် မလွယ်ကူကြောင်း သိရသည်။

ထို့နောက် အထည်ချုပ်လုပ်ငန်းများတွင်လည်း ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် ကုန်ကျစရိတ် မြင့်တက် နေခြင်းနှင့် လျှပ်စစ်မီး အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် လာမည့် ၂ နှစ်အတွင်း ပို့ကုန်လုပ်ငန်းများမှ အကျိုးရရှိရန် မလွယ်ကူကြောင်း စီးပွားရေး လေ့လာသူများက ပြောသည်။

ထို့အပြင် လယ်ယာထွက်ကုန် တင်ပို့မှုနှင့် ပတ်သက်၍ ပို့ကုန်ရငွေ မူဝါဒများကို တချို့သော ကုန်စည်များတွင် ဖြေလျှော့ပေးမှုများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ အကျိုးအမြတ် ရရှိပြီး ပိုမိုတင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်သွယ်မှုတွေမှာ ဖြေလျှော့မှုတွေ လုပ်ပေးစေချင်တယ်ပေါ့နော်။ ဒီမှာက ထိုင်းကပေးတဲ့ ဈေးအတိုင်းကို ကုန်သည်တွေကလည်း မရဘူး။ မူဝါဒတွေကြားထဲမှာ မူဝါဒ အခက်အခဲတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ မရဘူး ပေါ့နော်။ အခုဟာက FOB ဈေးထဲမှာလည်း ပြောင်း အနည်းဆုံး ဖြစ်နေတယ်။ တစ်တန်မှ ၂၂၀ - ၂၅၀ ကြား လောက်မှာပဲ ရတယ်ပေါ့။ အဲဒီရတဲ့ အထဲကနေမှ နိုင်ငံတော်ရဲ့ မူဝါဒကို ကျော်ဖြတ်တဲ့အခါမှာ ဈေးက အရမ်းနည်း သွားတာပေါ့။ အခြား တန်ဖိုးမြင့် သီးနှံတွေပေါ့ ပဲတို့၊ ပဲဆိုလည်း အမယ် တော်တော်များတယ်။ အဲဒါတွေကလည်း FOB ဈေး ၇၀၀ နဲ့ ၁၀၀၀ ကြားမှာ သွားနေတဲ့ဟာတွေ ရှိတဲ့ပဲမျိုးတွေပေါ့နော်။ တခြားလည်း export လုပ်ငန်းတွေ ရှိသေးတယ် ပဲတင်မဟုတ်ဘဲနဲ့။ ရော်ဘာတို့လို၊ ရေထွက်လုပ်ငန်းတို့လိုပေါ့နော်။ ဆိုလိုတာက သူတို့ဆီကပဲ ကောက်ပါ အန်ကယ်တို့ဆီကနေ မကောက်နဲ့လို့ ပြောတာ မဟုတ်ဘူး။ FOB ဈေး မြင့်ပြီးတော့ ဝင်ငွေများတဲ့ နေရာကနေ ယူမယ်။ ပြောင်းဘက်ကို နည်းနည်း ဖြေလျှော့ပေးမယ်ဆိုရင်တော့ ပြည်တွင်းပြောင်းဈေးက နည်းနည်း ပြန်တက်လာမယ်ပေါ့နော်” ဟု ပြောသည်။

အလားတူ ပို့ကုန်ရငွေ မူဝါဒနှင့် ပတ်သက်၍ စက်သုံးဆီ၊ စားသုံးဆီနှင့် ဓာတ်မြေဩဇာ စသည့် သွင်းကုန်များ ပြန်လည်တင်သွင်းမှုများ ပေးထားသော်လည်း ပို့ကုန်တင်ပို့သူများအတွက် အကျိုးမရှိဘဲ ဖြစ်နေသည်ဟု  ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။

ပို့ကုန်များကိုတွေ့ရစဉ်

မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က “ရော်ဘာ export လုပ်တဲ့သူ ကိုယ်တိုင် A ကုမ္ပဏီက export လုပ်တယ်။ အဲဒီ A ကုမ္ပဏီကပဲ import ပြန်သွင်းတယ်ဆိုလို့ရှိရင် လုပ်လို့ရတယ် ၇၀ ရာခိုင်နှုန်း ရမယ်။ အဲဒါမှမဟုတ်ဘဲနဲ့ ဓာတ်မြေဩဇာ တင်သွင်းနေကျကုမ္ပဏီတွေကို အကောင့် transfer နဲ့ ပေးရမယ့်ဟာ ဆိုလို့ရှိရင် မရဘူး။ ၃၅ - ၆၅ မှာ ၃၅ က ၂၁၀၀ နဲ့ ရောင်းရမယ်။ ၆၅ က ၃၁၅၀ နဲ့ ရောင်းရမယ်။ အဲဒါဆိုလို့ရှိရင် ဓာတ်မြေဩဇာ import သွင်းရမယ့် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အရင်လေ့လာ လိုက်အုံးလေ။ လက်မှတ်ပေါင်း များစွာလုပ်ရမယ်။ ပြီးရင် ဓာတ်မြေဩဇာ ဗဟိုကော်မတီရဲ့ ခွဲတမ်း ရှိရအုံးမယ်။ ပြီးတော့ သွင်းလာပါပြီရဲ့ တကယ်ဓာတ်မြေဩဇာ တင်သွင်းနေကျကုမ္ပဏီ အကြီးကြီးတွေက သူတို့တွေက အကြီးကြီးတွေ သွင်းတာ။ ကိုယ်က သွင်းရင် ကွန်တိန်နာနဲ့ ချောက်ချိချောက်ချက် သွင်းရမှာ။ ရောက်လာပါပြီရဲ့ အဲဒီလူတွေကို ဈေးချင်းယှဉ်ပြီးတော့ ရောင်းနိုင်ပါ့မလား။ ပြီးတော့ ရာသီသီးနှံကို ရောင်းရတာဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဓာတ်မြေဩဇာ ရောင်းတဲ့အခါမှာ အကြွေးနဲ့ ရောင်းရတယ်။ သီးနှံပြန်ပေါ်တဲ့အခါကျမှ အဲဒီငွေတွေ ပြန်သိမ်းရတယ်။ အဲဒီတော့ ရော်ဘာ export လုပ်မှာလား၊ ဓာတ်မြေဩဇာ ပခုံးထမ်းပြီးတော့ ခေါင်းပေါ် ရွက်ရောင်းမှာလား၊ အကြွေးလိုက်သိမ်းမှာလား၊ ဘယ်အလုပ် လုပ်ရမလဲ။ အဲဒီတော့ မဖြစ်နိုင်ဖြစ်နိုင် ဘယ်သူမှ မလုပ်နိုင်တဲ့ကိစ္စကြီးကို။ ဒီဓာတ်မြေဩဇာ တင်သွင်းဖို့ Certificate လုပ်ရတာပဲ ၆ လလောက် ကြာတယ်လေ။ သူပေးထားတဲ့ကာလက ဒီ မတ်လကုန်လေ” ဟု ပြောသည်။

ထို့အပြင် စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ချမှတ်လိုက်သည့် မူဝါဒတစ်ခုသည် ကုန်သွယ်မှု အပြင် တခြားသော စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပေါ်တွင် သက်ရောက်မှုများ ဖြစ်ပေါ် နေခြင်းကြောင့် မူဝါဒတစ်ခု မချမှတ်ခင် စနစ်တကျ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။

Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က “မူဝါဒတို့ ဘာတို့ ကန့်သတ်ချက်တို့ ဘာတို့ ထုတ်ပြီဆိုလို့ရှိရင် ညှိနှိုင်းအစည်းအဝေးတွေ လုပ်ကြတာပေါ့။ အဲဒီမှာ ပညာရှင်တွေလည်း ပါကြတာပေါ့။ သူတို့ရဲ့ အကြံပြုချက်တွေ ယူပြီးတော့ သေချာတော့ လုပ်ကြတာပဲ။ ပြီးရင် သူတို့ရဲ့ အာဘော်တွေလည်း ထည့်တာပေါ့။ အဲဒီလိုတော့ လုပ်ကြတာ ရှိတယ်။ အဲဒီတော့ မလိုအပ်ဘဲနဲ့ ဝင်ပါတာတွေလည်း ရှိတာပေါ့နော်။ ဥပမာ ကျနော်တို့ ကုန်သွယ်ရေးပိုင်းမှာ သွားကြည့်တဲ့အခါမှာ ကုန်သွယ်ရေးဆိုလည်း ကုန်သွယ်ရေး တစ်ခုတည်းအောက်မှာ ရှိတာ မဟုတ်ဘူး။ စက်မှုလုပ်ငန်းတွေ၊ စိုက်ပျိုးရေးတွေ၊ အခြားသော ဝန်ကြီးဌာနတွေလည်း ရှိတယ်လေ။ သူက လုပ်လိုက်ပြီဆိုရင် တခြားဌာနတွေလည်း သွားဖြစ်တာ။ စီးပွားကူးသန်းက ဒါကို ပိတ်လိုက်တယ်ဆိုရင် အားကစား ဝန်ကြီးဌာနက အားကစားဝတ်စုံတွေ မရတော့တာမျိုး။ အဲဒီလိုမျိုး ခဏခဏ ဖြစ်တယ်။ သူတို့ဌာန အချင်းချင်း လည်း conflict ဖြစ်တယ်။ အဓိကကတော့ ညှိနှိုင်းအစည်းအဝေးပွဲတွေက လုပ်ရင် အပီအပြင် လုပ်တာပဲ။ ဒါပေမယ့် အဲဒါပေါ်မှာ နားလည်နိုင်စွမ်းရှိတဲ့ လူတွေနဲ့ သေသေချာချာလုပ်တာ ကျနော်တို့ဆီမှာ အားနည်းတာပေါ့ နော်” ဟု ပြောသည်။

လက်ရှိ ပို့ကုန်တင်ပို့မှုတွင် အဓိကကျသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများသည် လက်ရှိတွင် နယ်မြေ တည်ငြိမ်မှု မရှိသည့်အတွက် ကုန်သွယ်မှု လုပ်ဆောင်၍ မရသည့် အနေအထားတွင် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်နေရသည်။

ပင်လယ်ရေကြောင်းနှင့် ကုန်သွယ်ရာတွင်လည်း သင်္ဘောအတင်အချ အခက်အခဲ၊ ပို့ကုန်ပါမစ် အခက်အခဲနှင့် သင်္ဘောတင်ရာတွင် အချိန်နှင့်တပြေးညီ တင်ဆောင်နိုင်ရန်အတွက် ဆိပ်ကမ်းရှင်းလင်းရေးများ လုပ်ဆောင်ထား ခြင်းမရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပို့ကုန်တင်ပို့သူများက ပြောသည်။

ထို့ကြောင့် ပင်လယ်ရေကြောင်းဖြင့် လက်ရှိ တင်ပို့နေရသည့် အနေအထားတွင်လည်း နှောင့်နှေးမှုများ ကြုံတွေ့နေရသည်ဟု ပို့ကုန်တင်ပို့သူများက ပြောသည်။