CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၂၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ သြဇာကြီးမားသော ညီမဖြစ်သူ ကင်ယိုဂျုံက တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မည်ဟု ခြိမ်းခြောက်နေချိန်တွင် အမေရိကန်သည် အင်္ဂါနေ့(ဒီဇင်ဘာ ၂၁ ရက်)က နျူကလီးယား ဗုံးကြဲလေယာဉ်များနှင့် အဆင့်မြင့် ကိုယ်ပျောက် ဂျက်လေယာဉ်များ ပျံသန်းခဲ့သည်ဟု အေပီသတင်းမှာ ဖော်ပြ ထားသည်။ .

အမေရိကန်၏ B-52 ဗုံးကြဲ လေယာဉ်များနှင့် F-22 ကိုယ်ပျောက် လေယာဉ်များကို ပျံသန်းခြင်းသည် တောင်ကိုရီး ယား စစ်လေယာဉ်များနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန်အတွက် ဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ် ရေးဌာနက ပြောသည်။

၎င်းက နျူးကလီးယား လက်နက် အပါအဝင် ဖြစ်လာနိုင်သော အန္တရာယ်အားလုံးမှ တောင်ကိုရီးယားကို ကာကွယ် ပေးရန် သဘောတူချက်တစ်ခု၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားမှ F-35၊ F-15 ဂျက်တိုက်လေယာဉ်များပါ ပါဝင်ကာ ဂျေဂူး (Jeju)ကျွန်း အနောက်တောင်ဘက် ရေပြင်တွင် ပြုလုပ်သွားမည်ဟု တောင်ကိုရီးယား ကွာကွယ်ရေးဌာနက ပြောသည်။

မြောက်ကိုရီးယားက ဩဇာရှိသူ ကင်မ်ယိုဂျုံ (Kim Yo Jong)ကိုတွေ့ရစဉ် (AP)

အမေရိကန်၏ F-22 ကိုယ်ပျောက် လေယာဉ်များသည် လေးနှစ်အတွင်း တောင်ကိုရီးယား မြေပေါ်သို့ ပထမဆုံး အကြိမ် ရောက်ရှိလာခြင်းဖြစ်ကာ လေ့ကျင့်ရေး ပြုလုပ်မည့် ယခုသီတင်းပတ် တစ်ခုလုံး တောင်ကိုရီးယားတွင် ရှိနေမည် ဖြစ်သည်။

ပထမဆုံးသော စစ်ဘက်ထောက်လှမ်းရေးဂြိုလ်တု လွှတ်တင်ရန် စမ်းသပ်ဂြိုလ်တုတစ်ခုကို လွှတ်တင် နိုင်ခဲ့ပြီး ပိုမို ရွေ့လျားနိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစ်ခုတွင် အသုံးပြုမည့် solid-fuel သုံး မော်တာတစ်ခုကို စမ်းသပ်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားဘက်မှ ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ရေး လေ့ကျင့်မှု ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ကျူးကျော်ရန် လေ့ကျင့်ခြင်းဟု မြောက်ကိုရီးယားဘက်မှ မှတ်ယူထားပြီး ထိုလေ့ကျင့်မှုများကို သတိပေးရန်အတွက် ယခုနှစ်အတွင်း ဒုံးကျည် စမ်းသပ်မှုများအား စံချိန်တင် လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ယခု လေတပ် စစ်ရေးလေ့ကျင့်မှုကိုလည်း နောက်ထပ် ဒုံးကျည်စမ်းသပ်မှုများဖြင့် တုန့်ပြန်လာမည်ကို စိုးရိမ်မှုလည်း ရှိနေသည်။

အမေရိကန်ရဲ့ ဗုံးကြဲလေယာဉ်နဲ့ ကိုယ်ပျောက်လေယာဉ်များ ပျံသန်းပြနေစဉ် (AP)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong)က လည်း မိမိတို့နိုင်ငံ၏ ထောက်လှမ်းရေး ဂြိုလ်တုနှင့် တာဝေးပစ် ဒုံးကျည်များအတွက် ပြင်ပကမ္ဘာ၏ သံသယများ အပေါ် ပျက်ရယ်ပြုကာ ပြင်းထန်သော စကားလုံးများ သုံးနှုန်း တုန့်ပြန်ခဲ့သည်။

တနင်္ဂနွေနေ့(ဒီဇင်ဘာ ၁၈ ရက်)က ဂြိုလ်တုလွှတ်တင်မှုသည် နိုင်ငံ၏ ပထမဆုံးသော စစ်ဘက်ထောက်လှမ်းရေး သုံး ဂြိုလ်တုစနစ်များကို စမ်းသပ်ရန်အတွက်သာ ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် ဂြိုလ်တုမှ ပေးပို့လိုက် သော တောင်ကိုရီးယား မြို့နှစ်မြို့၏ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့သည်။

သို့သော် ထုတ်ပြန်ခဲ့သော ဓာတ်ပုံများမှာ ရုပ်ထွက်ညံ့ဖျင်းနေသောကြောင့် ထိုသို့သော စွမ်းရည်မျိုးဖြင့် ထောက် လှမ်းရန် မဖြစ်နိုင်ကြောင်း၊ ယခု ဒုံးကျည်လွှတ်တင်မှုမှာ မြောက်ကိုရီးယားဘက်မှ ၎င်းတို့၏ ဒုံးကျည်နည်းပညာကို ကာကွယ်ရန် အတွက်သာ ဖြစ်သည်ဟု တောင်ကိုရီးယား အရပ်ဘက်ပညာရှင်များနှင့် တခြားသောနေရာများမှ ပညာရှင်များက မှတ်ချက်ပြုထားသည်။

Source: AP