CNI International News

ဘာလင်၊ ဒီဇင်ဘာ ၂၁

လူသတ်မှု ၁၀၀၀၀ ကျော်တွင် ကြံရာပါအဖြစ် ပါဝင်ခဲ့မှုဖြင့် အသက် ၉၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဂျာမနီ တရားရုံးတစ်ခုက အင်္ဂါနေ့(ဒီဇင်ဘာ ၂၀ ရက်)တွင် အမိန့်ချမှတ်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

သူမသည် ဒုတိယ ကမ္ဘာစစ် နာဇီစစ်အကျဉ်းစခန်း တစ်ခုရှိ အရာရှိတစ်ဦး၏ ကိုယ်ရေးအရာရှိအဖြစ် လုပ်ဆောင် ခဲ့သူဖြစ်သည်။

အမ်ဂတ် ဖာ့ချ်နာ (Irmgard Furchner)သည် ဒန်ဇစ် (Danzig) စခန်း (လက်ရှိ ပိုလန်နိုင်ငံ ဂဒန့်မြို့)ကို အကူအညီ ပေးခဲ့သော အဖွဲ့၏ အစိတ်အပိုင်း တစ်ခုအဖြစ် စွပ်စွဲခံထားရသည်။

ထို့ကြောင့် သူမကို လူသတ်မှု ၁၀၅၀၅ ခု၊ လူသတ်ရန် ကြံစည်မှု ၅ ခုတို့အတွက် ကြံရာပါအဖြစ် ဂျာမနီနိုင်ငံ မြောက်ပိုင်း ပြည်နယ်တရားရုံးတစ်ခုက ဆိုင်းငံ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ဒန်ဇစ် (Danzig) စခန်းကိုတွေ့ရစဉ်


ဖာ့ချ်နာသည် စတက်ဟော့ဖ်(Stutthof) အကျဉ်းစခန်းတွင် လက်နှိပ်စက် စာရေးအဖြစ် ဆောင်ရွက်စဉ်အတွင်း အကျဉ်းသား ၁၀၀၀၀ ကျော် အသတ်ခံရမှုများတွင် သိရှိနေခြင်း၊ ပါဝင် ပတ်သက်နေခြင်းတို့အတွက် ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ရန် တရားသူကြီးများက ဆုံးဖြတ်ခဲ့သည်ဟု တရားရုံးက ထုတ်ပြန်ခဲ့သည်။

သူမသည် စခန်းအုပ်ချုပ်ရေးမှူးရုံး၌ အလုပ်လုပ်နေစဉ် ထိုကဲ့သို့သော ဖြစ်ရပ်များကို ဖြစ်စေသည့် လုပ်ရပ်များကို ရှုပ်ထွေးသော စာရွက်စာတမ်း ကိစ္စများမှတဆင့် ပါဝင်ခဲ့ပြီး ထိုလုပ်ရပ်များက အကျဉ်းစခန်း အဖွဲ့အစည်းနှင့် လူမဆန်သော သတ်ဖြတ်မှုများအတွက် မရှိမဖြစ် အရေးပါခဲ့သည်ဟုလည်း တရားရုံး ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အစိုးရရှေ့နေများ၏ တောင်းဆိုမှုနှင့် တရားရုံး ထုတ်ပြန်ချက်တို့ ထပ်တူကြခဲ့သော်လည်း တရားခံ ရှေ့နေမှ ၎င်း ၏ အမှုသည်ကို တရားသေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဖာ့ချ်နာသည် စနစ်တကျ သတ်ဖြတ်ခဲ့ခြင်းများကို သိနေသည်ဆိုသော သက်သေများမှာ သံသယအဆင့်တွင်သာ ရှိနေကြောင်း၊ ထိုအခြေအနေက သူမကို ပြစ်မှုကျူးလွန်သည်ဟု သက်သေပြရန် မလုံလောက်ကြောင်း ထောက်ပြ ၍ တရားသေလွှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဒန်ဇစ် (Danzig) စခန်းကို စစ်ဆေးနေတဲ့ နာဇီအရာရှိများကိုတွေ့ရစဉ် (AP)

ဖာ့ချ်နာက အတိတ်တွင် ဖြစ်ခဲ့သော ကိစ္စများအတွက် ဝမ်းနည်းကြောင်းနှင့် သူမ စတက်ဟော့ဖ် စခန်းတွင် ရှိနေခဲ့ သည်ကို နောင်တရမိကြောင်း ပြောသည်။

တရားသူကြီးများမှ ပြစ်ဒဏ်ချမှတ်ချိန်တွင် ဖာ့ချ်နာ၌ မည်သည့်ခံစားမှုမှ ရှိမနေသည်ကို တွေ့ရပြီး လက်ရှိ အချိန် အထိ အဆိုပါ ပြစ်ဒဏ်အတွက် အယူခံဝင်မည်လား ဆိုသည်ကို မသိရသေးပေ။ သို့သော် တရားခံရှေ့နေအဖွဲ့က ယခုပြစ်ဒဏ် ချမှတ်မှုအပေါ် သံသယရှိနေဆဲ ဖြစ်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။

ဖာ့ချ်နာ အနေဖြင့် အကျဉ်းစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် စတက်ဟော့ဖ်မှ လူသတ်မှုများကို မသိဘဲ ရှိခဲ့သည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ဟုလည်း တရားသူကြီး ဒေါမနစ် ဂရော့စ် (Dominik Gross) က ပြောသည်။

Source: AP