CNI International News

ဆိုးလ်၊ ဒီဇင်ဘာ - ၂၄

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို သောကြာနေ့(ဒီဇင်ဘာ ၂၃ ရက်)တွင် အရှေ့ဘက် ရေပိုင်နက်အတွင်းသို့ ပစ်ခတ်ခဲ့သည်ဟု အေပီသတင်းမှာ ဖော်ပြထားသည်။

မြောက်ကိုရီးဘက်မှ ကျူးကျော်ရန် လေ့ကျင့်မှုဟု ယူဆထားသော အမေရိကန်-တောင်ကိုရီးယား ပူးတွဲ လေတပ် စစ်ရေး လေ့ကျင့်မှု စတင်ပြီး ရက်ပိုင်းအကြာတွင် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားအစိုးရသည် ယခုနှစ်အတွင်း ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည်။

၎င်းက နိုင်ငံ၏ လက်နက်စွမ်းအင်ကို မြှင့်တင်ရန်အပြင် ပြိုင်ဘက်များနှင့် ဆွေးနွေးညှိနှိုင်းရာတွင် အသာစီးရယူနိုင် ရန် ကြိုးပမ်းမှု တစ်ရပ်ဟု ကျွမ်းကျင်သူများက ရှုမြင်ထားသည်။

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်နေစဉ် (GETTY IMAGES)

ထို့နောက် မြောက်ကိုရီးယားသည် နိုင်ငံအတွက် ပထမဆုံးသော ထောက်လှမ်းရေး ဂြိုလ်တု လွှတ်တင်ရန် လိုအပ် နေသည့် အရေးပါသော စမ်းသပ်မှုများအပြင် အမေရိကန်သို့ ရောက်ရှိနိုင်သည့် ပိုမိုရွေ့လျားနိုင်သော တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် စမ်းသပ်မှုတစ်ခုကိုပါ လုပ်ဆောင်နိုင်ခဲ့သည်ဟု မကြာသေးခင်က ပြောခဲ့ဖူးသည်။

သောကြာနေ့(ဒီဇင်ဘာ ၂၃ ရက်) ညနေ ၄ နာရီ ၃၂ မိနစ်တွင် မြောက်ကိုရီးယားမှ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သည် ကို သတိပြုမိခဲ့သည်ဟု တောင်ကိုရီးယားစစ်ဘက်က ပြောသည်။ မြောက်ကိုရီးယားဘက်မှ အနည်းဆုံး ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့သည်ဟုလည်း ဂျပန်ဘက်က အတည်ပြုပေးခဲ့သည်။

သို့သော် လက်ရှိအချိန်အထိ မြောက်ကိုရီးယားဘက်က မည်သည့် ဒုံးကျည် အမျိုးအစားကို ပစ်လွှတ်ခဲ့သည်ကို တော့ မသိရသေးပေ။

တောင်ကိုရီးယား စစ်ဘက်၏ အဆိုအရ ဒုံးကျည်များသည် ၂၅၀ ကီလိုမီတာနှင့် ၃၅၀ ကီလိုမီတာအထိ အသီးသီး ပျံသန်းခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်နိုင်ငံအကြား ရေပြင်သို့ ဆင်းသက်သွားသည်ဟု သိရသည်။

ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအန် ဆွေးနွေးခဲ့စဉ်

ဒုံးကျည်တစ်စင်းသည် ကီလိုမီတာ ၃၀၀ နီးပါးအထိ သွားခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဌာန ဒုဝန်ကြီး တိုရှီရို အီနို(Toshiro Ino) က ပြောသည်။

ထိုဒုံးကျည်သည် ပျံသန်းရာတွင် ပုံမှန်မဟုတ်သော အခြေအနေများ ရှိနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ ပြောစကားသည် မြောက်ကိုရီးယား၏ နည်းပညာမြင့် နျူကလီးယား တင်ဆောင်နိုင်သော KN-23 ဒုံးကျည်များကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။

ယခုပစ်ခတ်မှုများသည် ဆိုးဆိုးရွားရွား ရန်စမှုဖြစ်သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောသလို အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည်ဟု ပြောသည်။

တောင်ကိုရီးယား အနေဖြင့် ဖြစ်လာနိုင်သည့် အန္တရာယ်များအတွက် အဆင်သင့် ပြင်ဆင်ထားကာ အမေရိကန်နှင့် ပူးပေါင်း၍ မြောက်ကိုရီးယား၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်သွားမည်ဟု ပြောသည်။

လက်နက်များကို ထပ်ခါထပ်ခါ စမ်းသပ်ခြင်းဖြင့် မြောက်ကိုရီးယားသည် တင်းမာမှုများအား သိသိသာသာ မြင့်တက်လာအောင် လုပ်ဆောင်နေသည်ဟုလည်း အီနိုက စွပ်စွဲခဲ့သည်။

Source: AP