CNI International News

အွာဂါဒူဂူ၊ ဒီဇင်ဘာ ၂၄

ကုလသမဂ္ဂအဆင့်မြင့်အရာရှိ ဘာဘရာမန်ဇီ (Barbara Manzi)ကို နိုင်ငံတွင်းမှ ချက်ချင်းထွက်သွားရန် ဘာကီနာဖာဆို စစ်အစိုးရက သောကြာနေ့(ဒီဇင်ဘာ ၂၃ ရက်)တွင် နှင်ထုတ်ခဲ့သည်ဟု အယ်ဂျာဇီးယား သတင်း၌ ဖော်ပြထားသည်။
သို့သော် မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ နှင်ထုတ်ရသည်ကိုတော့ အကြောင်းပြချက် မပေးထားကြောင်း သိရသည်။

အစိုးရပြောခွင့်ရပုဂ္ဂိုလ်က “နှင်ထုတ်ရသည့် အကြောင်းအရင်းကို ချက်ချင်း ရှင်းပြခြင်း မရှိခဲ့သော်လည်း ကုလသမဂ္ဂ၏ ဌာနေကိုယ်စားလှယ်ကို နိုင်ငံအတွက် အလိုမရှိသော လူဟု ခိုင်းနှိုင်းသုံးနှုန်းခဲ့ပြီး သောကြာနေ့တွင် တိုင်းပြည်မှထွက်သွားရမည်”ဟု ပြောခဲ့သည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂရုံးချုပ်ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ချက်ချင်း တုန့်ပြန်ခဲ့ခြင်း မရှိပေ။

ဘာကီနာဖာဆိုနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများမှ တစ်ခုဖြစ်ကာ အယ်လ်ကိုင်းဒါ (al-Qaeda) နှင့် IS အဖွဲ့ တို့နှင့် ဆက်စပ်နေသော ပဋိပက္ခများဖြင့် ရင်ဆိုင်နေရသည်။

အဆိုပါ ပဋိပက္ခအတွင်း အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသလို ဒေသတွင်း အလျင်မြန်ဆုံး ပေါ်ပေါက် လာသည့် လူသားချင်းစာနာမှုဆိုင်ရာ ပဋိပက္ခတစ်ခုကိုလည်း ပေါ်ပေါက်လာစေခဲ့သည်။

ဘာကီနာဖာဆိုကနေ ထွက်သွားဖို့ နှင်ထုတ်ခံရတဲ့ ကုလအရာရှိ ဘာဘရာမန်ဇီ(GETTY IMAGES)

ထိုအခြေအနေများကြောင့် လူ ၂ သန်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အများစုမှာ ကုလသမဂ္ဂမှ စီစဉ် ပေးထားသည့် ယာယီတဲများတွင် နေထိုင်နေကြရသည်။

အကြမ်းဖက် အဖွဲ့များကြောင့်ဖြစ်သည့် အကြမ်းဖက်မှုများသည် ခုနစ်နှစ်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ကာ နိုင်ငံ၏ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် အဓိကပေါ်ပေါက်လျက်ရှိသည်။

အကြမ်းဖက်မှုများကြောင့် အစုလိုက်အပြုံလိုက် ငတ်မွတ်မှုကို ဖြစ်စေကာ အကူအညီပေးရေး အဖွဲ့အစည်များ သည်လည်း ဝင်ရောက်နိုင်ရန် ခက်ခဲလျက်ရှိသည်။

ကုလသမဂ္ဂသည် နိုင်ငံတွင်းရှိ ငတ်မွတ်နေသော ကလေးသူငယ်များအတွက် အစားအစာများ ထောက်ပံ့ခြင်း အပါအဝင် အရေးပါသော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အစိုးရဘက်မှ နှင်ထုတ်ခဲ့သော မင်ဇီသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူသားချင်း စာနာမှုဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံများသူဖြစ်ပြီး သူမကို ပြီးခဲ့သည့်နှစ်တွင် ဘာကီနာဖာဆိုနိုင်ငံ အတွက် တာဝန်ပေးခဲ့သည်။

Source: အယ်ဂျာဇီးယား