CNI International News

ဆိုးလ်၊ အောက်တိုဘာ ၁၂

မကြာသေးမီက ပြုလုပ်ခဲ့သော နျူကလီးယားတိုက်ခိုက်မှုအစီအစဉ်တစ်ခုတွင် မြောက်ကိုရီးယား ပစ်လွှတ်ခဲ့သော ဒုံးကျည်မျိုးစုံကို မိမိတို့ ထောက်လှမ်းနိုင်ခဲ့ပြီး ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိကြောင်း တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် တိုးမြှင့်လာခြင်းကို လုံခြုံရေးအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုအဖြစ် ထိန်းသိမ်းလုပ်ဆောင်လိုသည်။

ရက်သတ္တနှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုများတွင် နျူကလီးယားထည့်သွင်းပစ်လွှတ်နိုင်သည့် ဒုံးကျည်များ၊ တိုက် လေယာဉ်များနှင့် အခြားစစ်လက်နက်များ ပါဝင်ခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန်ပစ်မှတ်များကို တိုက်ခိုက် နိုင်ရန် ဦးစားပေးလေ့ကျင့်ခဲ့ကြောင်း မြောက်ကိုရီးယားက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား လက်နက်တိုက်နှင့် ဒုံးကျည်အကွာအဝေးကို ပြသထားသည့် မြေပုံ

ဆိုးလ်နှင့်ဝါရှင်တန်တို့သည် အမေရိကန်လေယာဉ်တင်သင်္ဘောပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မိမိတို့ အတွက် အန္တရာယ်ဟုယူဆပြီး တန်ပြန်စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ဆက်လက် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ၎င်း၏လက်နက်စမ်းသပ်မှုများကို စံချိန်တင်ပြုလုပ်ခဲ့ပြီး တရားဝင် နျူကလီယားပိုင်ဆိုင်သည့်နိုင်ငံအဖြစ် ခံယူထားသည်။ ထိုလုပ်ရပ်သည် မြောက်ကိုရီးယားအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုများ ရုပ်သိမ်းရေးအတွက် ပြိုင်ဘက်များကို ဖိအားပေးနိုင်ရန် ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ကြိုးပမ်းမှုအဖြစ် နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

ယင်းကဲ့သို့ မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုသည် အလွန်ဆိုးရွားပြီး ပြင်းထန်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခေတ္တတာဝန်ယူထားသူ မွန်းဟောင်ဆစ် (Moon Hong Sik) က ပြောကြားခဲ့သည်။

သို့သော် တောင်ကိုရီးယား၏ ဒုံးကျည်ကာကွယ်ရေးစနစ်သည် မြောက်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုတွင် စုစည်းထားသည့် လက်နက်စနစ်မျိုးစုံကို ထောက်လှမ်းနိုင်ခဲ့ပြီး ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိကြောင်း ၎င်းက သတင်းထောက်များကို အသိပေးပြောကြားခဲ့သည်။

မြောက်ကိုရီးယားအစိုးရမှ ဖြန့်ဝေထားသည့် အထက်ပါပုံသည် မြောက်ကိုရီးယားရှိ အမည်မဖော်ပြသော နေရာတစ်ခု၌ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်(ဓါတ်ပုံ-အေပီ)

မြောက်ကိုရီးယားလှုပ်ရှားမှုများကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်ရန် ထောက်လှမ်းရေးဂြိုဟ်တုများ၊ ထောက်လှမ်းရေးဒရုန်းများနှင့် တိုးချဲ့ထားသော ပင်လယ်ပြင်အခြေစိုက်ကင်းထောက်ကိရိယာများကို တောင် ကိုရီးယားက အလေးပေးသုံးစွဲနေကြောင်း မွန်းဟောင်ဆစ်က ရှင်းပြခဲ့သည်။

၎င်းက အထက်ပါအတိုင်းသဘောထားမှတ်ချက်ပေးခဲ့သော်လည်း မြောက်ကိုရီးယား ဆန်းသစ်တီထွင်ထားသော လက်နက်များဖြစ်သည့် ရုရှား၏ အစ္စကန်ဒါ (Iskander) ဒုံးကျည်ကို အဆင့်မြှင့်တင်ထားသည့် KN-23 ဒုံးကျည်နှင့် အသံထက်မြန်သော ဒုံးကျည်များသည် တောင်ကိုရီးယားနှင့်အမေရိကန်တို့၏ဒုံးကျည်ကာကွယ်ရေးစနစ်ကို ထိုးဖောက်ကျော်လွှားနိုင်ကြောင်း စစ်ရေးလေ့လာသူများက ပြောကြသည်။

အကယ်၍ မြောက်ကိုရီးယားက နေရာအသီးသီးဖြန့်ကြက်၍ ဒုံးကျည်အမြောက်အမြားကို တပြိုင်တည်းပစ်လွှတ် လိုက်မည်ဆိုလျှင် အမေရိကန်ဦးဆောင်သော မဟာမိတ်များအနေဖြင့် ဒုံးကျည်များကို ကြိုတင်သိရှိနိုင်စွမ်းနှင့် တုံ့ပြန်ပစ်ချနိုင်စွမ်းတို့မှာ ပိုမိုခဲယဉ်းလိမ့်မည်ဟု ၎င်းတို့က သုံးသပ်ကြသည်။

Source: AP