CNI International News

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၂

မလေးရှားနိုင်ငံတွင် အသက် ၉၇ နှစ်အရွယ်ရှိ ခေါင်းဆောင်ဟောင်း မဟာသီယာမိုဟာမက်က လာမည့်လတွင် ကျင်းပရန် မျှော်မှန်းထားသော အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

အကယ်၍ ၎င်းနှင့်နိုင်ငံရေး မဟာမိတ်များ အနိုင်ရခဲ့လျှင် ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ် ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိ ၎င်းက ထည့်မပြောခဲ့ပေ။

“ကျနော်တို့ အနိုင်ရရင် ဘယ်သူက ဝန်ကြီးချုပ် တာဝန်ယူမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး” ဟု မဟာသီယာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၀ ရက်တွင် ဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ်က လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။

လက်ရှိ မလေးရှားနိုင်ငံရေးတွင် အစ္စမေး၏ မလေးအမျိုးသားညီညွတ်ရေးအဖွဲ့ပါတီ (UMNO) သည် အာဏာရ ညွန့်ပေါင်းမဟာမိတ်များအကြား မသင့်မတင့်ဖြစ်နေသည်။ လာမည့်ရွေးကောက်ပွဲတွင် UMNO သည် ကြီးကြီးမား မား အောင်ပွဲခံရန် မျှော်လင့်နေသည်။

လွှတ်တော်ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ပြင်ဆင်ရန် ရွေးကောက်ပွဲ ကော်မရှင်သည် ယခု အောက်တိုဘာ ၂၀ ရက်တွင် အစည်းအဝေးတစ်ရပ် ခေါ်ယူရန် စီစဉ်ထားသည်။

ဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ် ကိုတွေ့ရစဉ် (GETTY IMAGES)

ယခုနှစ်တွင် ၎င်း၏ အသက်အရွယ်နှင့် ကျန်းမာရေးကို စိုးရိမ်စရာရှိသော်လည်း လွှတ်တော်အတွင်း မိမိအတွက် ထိုင်ခုံကို ကာကွယ်သွားမည်ဖြစ်ကြောင်း မဟာသီယာက လန်ကာဝီကျွန်းတွင် ပြောကြားခဲ့သည်။

လက်ရှိအာဏာရ UMNO ပါတီ အနိုင်ရခဲ့လျှင် အကျဉ်းချခံထားရသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ အချိတ်အဆက်မိမိဖြင့် နိုင်ငံရေးကစားကွက်တစ်ကွက် ဖော်ဆောင်လာနိုင်ကြောင်း မဟာသီယာက သတိပေးခဲ့သည်။

မဟာသီယာသည် ၂၀၀၃ ခုနှစ်တွင် အငြိမ်းစားယူချိန်အထိ UMNO ပါတီမှပင် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

သို့သော် ၂၀၁၆ ခုနှစ်တွင် 1MDB အကျင့်ပျက်ခြစားမှု ငွေကြေး အရှုပ်တော်ပုံကြောင့် မလေးရှားနိုင်ငံရေးလောက လှုပ်လှုပ်ခတ်ခတ် ဖြစ်နေချိန်တွင် မဟာသီယာကို နိုင်ငံ၏ အမြင့်ဆုံးရာထူးတာဝန် နောက်ထပ် တဖန် ထမ်းဆောင်ရန် လှုံဆော်ခြင်း ခံလာရသည်။

UMNO ပါတီသည် ၁၉၅၇ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရပြီးကတည်းက မလေးရှားနိုင်ငံကို အုပ်ချုပ်ခဲ့ရာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲအထိ အတိုက်အခံများကို သမိုင်းဝင်အောင်ပွဲခံ၍ ဦးဆောင်ခဲ့သည်။

Source: AP