CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀
ရုရှားမီဒီယာများအား မြန်မာနိုင်ငံကို လာရောက် လေ့လာဖို့အတွက် ဖိတ်ခေါ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်က ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်တွင် ရုရှားမီဒီယာများဖြစ်သည့် Arigus၊ ATV၊ Tivicom တို့နှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ခင်ဗျားတို့ မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံမှာလာပြီး လေ့လာဖို့အတွက် ကျနော် ဖိတ်ပါတယ်။ မြန်မာပြည်ရဲ့ အခြေအနေတွေ အားလုံးကို ခင်ဗျားတို့ ပြည်နယ် အကြီးအကဲကတော့ အကြမ်းဖျဉ်း ရှင်းပြတာပေါ့။ ခင်ဗျားတို့ လာတဲ့အခါကျရင် ဒီထက်ပိုပြီး ထိတွေ့မှု ခံစားမှု ပိုပြီးကောင်းပါလိမ့်မယ်။ ကျနော် မကြာခင်မှာ ခင်ဗျားတို့ မျက်နှာလေးတွေ မြန်မာနိုင်ငံမှာ တွေ့ရမယ်လို့ ယုံ ကြည်ပါတယ်”ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်၍ သမ္မတ လူကာရှန်ကိုနှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်က တွေ့ဆုံဆွေးနွေး ခဲ့သည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်(EEF 2025)ကို တက်ရောက် ဆွေးနွေးခဲ့သည်။
ထို့နောက် ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်သို့ သွားရောက်၍ အလုပ်ရုံ၊ စက်ရုံများကို လေ့လာခဲ့သလို မီဒီယာများ နှင့်တွေ့ဆုံခဲ့သည်။