CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁

ကမ္ဘောဒီးယားနိုင်ငံမှာ မေလက ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် ဆုတံဆိပ်များ ရရှိခဲ့သည့် ကစားသမားများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငွေကျပ် စုစုပေါင်း ၃၃၃၃ သန်းနှင့် အမေရိကန် ဒေါ်လာ ၇ သောင်း ဆုချီးမြှင့်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)တွင် ကျင်းပခဲ့သည်။

ကမ္ဘောဒီးယား ဆီးဂိမ်းသို့ မြန်မာနိုင်ငံသည် အားကစားနည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/ နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံ ဆိပ် ၆၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခု ရရှိခဲ့သည်။

ထို့နောက် ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် ရရှိခဲ့သူများကို ကျပ်သိန်း ၁၀၀ စသဖြင့် ချီးမြှင့်ခဲ့သည်။

အလားတူ အသင်းလိုက်ပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသား တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသား တစ်ဦးလျှင် ကျပ် ၃၅ သိန်းနှင့် အားကစားနည်းအလိုက် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့် အုပ်ချုပ်သူများအား မိမိတို့ အားကစားနည်းမှ ရွှေတံဆိပ် ရရှိခဲ့ပါက တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ရရှိခဲ့ပါက ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၃၀ စီပေးအပ် ချီးမြှင့်ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် အမျိုးသမီး ဘောလုံးအသင်းကို အမေရိကန် ဒေါ်လာ ၅၀၀၀၀ နှင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သော အမျိုးသား ဘောလုံးအသင်းအား အမေရိကန် ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်ခဲ့သည်။

ထို့ကြောင့် ငွေကျပ် စုစုပေါင်း ၃၃၃၃ သန်းနှင့် အမေရိကန် ဒေါ်လာ ၇၀၀၀၀ ချီးမြှင့်ခဲ့သည်။

လာမည့် ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် အဆင့်မီမီ ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း အရေအတွက်ရော၊ အားကစားသမား အရေအတွက်ပါ တိုးမြှင့် ယှဉ်ပြိုင်နိုင်ရေးနှင့် ယခုထက် ပိုမို အောင်မြင်မှု ရရှိစေရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်သွားကြရန် ဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များကို ကြိုတင် အသိပေးမှာကြားလိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားခဲ့သည်။