CNI International News

တိုင်ပေ၊ မတ်လ ၁၄

ထိုင်ဝမ်တွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုနှင့် စိမ့်ဝင်ထိုးဖောက်မှုများ မြင့်တက်နေကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te) က မတ်လ ၁၃ ရက်တွင် သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကို သိမ်းသွင်းမည့် တရုတ်၏ အားထုတ် ကြိုးပမ်းမှုများအား ဖြေရှင်းရန်  အစီအမံများ လုပ်ဆောင်နေ ကြောင်း ၎င်းက ပြောသည်။

တရုတ်သည် မကြာသေးမီ နှစ်များအတွင်း စစ်ရေးလေ့ကျင့်မှုများ၊ ကုန်သွယ်ရေး ပိတ်ဆို့မှုများနှင့် ဩဇာ လွှမ်းမိုးရေး လှုပ်ရှားမှုများကို တိုးမြှင့်ပြုလုပ်နေပြီး တရုတ်၏ အချုပ်အခြာ အာဏာပိုင်ကြောင်း ကြေညာချက်ကို ထိုင်ဝမ်က လက်ခံစေရန် အတင်းအဓမ္မ ဖိအားပေးနေသည်ဟု ထိုင်ဝမ်က စွပ်စွဲခဲ့သည်။

လိုင်သည် ထိပ်သီးလုံခြုံရေး အရာရှိများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် တရုတ်သည် ထိုင်ဝမ်၏ ဒီမိုကရေစီ ကို အသုံးချပြီး ရာဇဝတ်ဂိုဏ်းများ၊ မီဒီယာများ၊ စစ်မှုထမ်းများနှင့် စစ်မှုထမ်းဟောင်းများ ၊ ရဲအရာရှိများ အပါအဝင် မတူကွဲပြားသည့် လူ့အဖွဲ့အစည်းများကို သိမ်းသွင်းရန် ကြိုးပမ်းနေသည်ဟု သတင်းထောက်များကို ပြောကြားခဲ့ သည်။

“သူတို့ (တရုတ်) က ကျနော်တို့ကြားထဲမှာ သဘောထား ကွဲလွဲအောင်၊ ပျက်စီးရာပျက်စီးကြောင်းတွေ ဖြစ်စေတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါတယ်” ဟု လိုင်က သမ္မတရုံးက တိုက်ရိုက်ထုတ်လွှင့်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်၏ ထိုင်ဝမ်ရေးရာရုံးကမူ လိုင်၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက် တောင်းခံမှုကို ချက်ချင်းတုန့်ပြန်ခဲ့ခြင်းမရှိပေ။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးနဲ့ လုပ်ငန်းရှင်များကို တွေ့ရစဉ်

လိုင်၏ မှတ်ချက် စကားများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) ကို သတင်းထောက်များက မေးမြန်းခဲ့ကြသည်။

ထိုသို့ မေးမြန်းမှုတွင် မော်နင်းက “လိုင်၏ အစိုးရအဖွဲ့ မည်သို့ပင် ပြောဆိုနေစေကာမူ ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်း ဖြစ်သည်ဆိုသည့် အချက်ကို ပြောင်းလဲစေလိမ့်မည် မဟုတ်ကြောင်း၊ အမိမြေနှင့် ပြန်လည် ပေါင်းစည်းရေးကို ပြောင်းလဲစေမည် မဟုတ်ကြောင်း” ပြန်လည် ဖြေကြားခဲ့သည်။

ထိုင်ဝမ်အစိုးရ၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်း ထိုင်ဝမ်တွင် တရုတ်အတွက် သူလျှိုလုပ်ပေးမှု စွဲချက်ဖြင့် လူပေါင်း ၆၄ ဦး တရားစွဲခံခဲ့ရသည်။ ထိုအရေအတွက်သည် ၂၀၂၁ ခုနှစ်ကထက် ၃ ဆကျော် များပြားခဲ့သည်ဟု လိုင်က ပြောသည်။

တရားစွဲဆိုခံရသူ အများစုသည် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်သားများနှင့် စစ်မှုထမ်းဟောင်းများ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“အဲဒီလို ဩဇာလွှမ်းမိုးရေး လှုပ်ရှားမှုတွေ၊ ကြိုးကိုင်ချယ်လှယ်မှုတွေကြောင့် ခက်ခက်ခဲခဲ ရယူထားရတဲ့ ထိုင်ဝမ်ရဲ့ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ သာယာဝပြောမှုတွေ ဆုံးရှုံးသွားနိုင်မယ့် အခြေအနေကို လူအများစုက စိုးရိမ်နေကြပါ တယ်” ဟု လိုင်က ပြောကြားခဲ့သည်။

Source: ရိုက်တာ