CNI International News
ဝါရှင်တန်၊ မတ်လ ၁၄
ရုရှားသည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ပြုလုပ်ရေး အပြင် အမေရိကန်နှင့် ဆက်ဆံရေး များ ပြန်လည်ထူထောင်ရေးတို့အတွက် ၎င်းတို့ဘက်မှ တောင်းဆိုချက်များကို ဖော်ပြထားသည့် စာရင်းတစ်ခုအား အမေရိကန်သို့ တင်ပြခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားဘက်မှ တောင်းဆိုမှုများ ရေးသားထားသည့် စာရင်းတွင် မည်သည့် အချက်များ ပါဝင်သည်ကို ရှင်းလင်းစွာ မသိရသေးဘဲ ရုရှားသည် ယူကရိန်းထက် အရင်စောပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပါဝင်ရန် ဆန္ဒ ရှိ၊မရှိကို လည်း မသိရသေးပေ။
ပြီးခဲ့သည့် သီတင်း ၃ ပတ် အတွင်းက ရုရှားနှင့်အမေရိကန် အရာရှိများသည် လူချင်းတွေ့ပြီး ယူကရိန်းပဋိပက္ခကို ဆွေးနွေးခဲ့ကြသည်။
ယခု ရုရှားဘက်မှ တောင်းဆိုချက်များသည် ယခင်က ယူကရိန်း၊ အမေရိကန်နှင့် နေတိုးတို့ကို တောင်းဆိုခဲ့ဖူးသည့် အချက်များနှင့် တူညီမှုရှိနေသည်ဟု ထိုအကြောင်းအရာနှင့် နီးစပ်သော လူပုဂ္ဂိုလ် ၂ ဦးက ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ နေတိုးအတွင်းရေးမှူးချုပ်ကိုတွေ့ရစဉ်
ယခင်က ရုရှား၏ တောင်းဆိုမှုများထဲတွင် ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်မပြုရေး၊ ယူကရိန်းတွင် ပြည်ပ တပ်ဖွဲ့ဝင်များ ဖြန့်ကြက်မချထားရေး၊ ခရိုင်းမီးယား (Crimea) ဒေသနှင့် ယူကရိန်းထံမှ သိမ်းပိုက်ထားသည့် ပြည်နယ် ၄ ခုကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ ကြေညာချက်ကို နိုင်ငံတကာက အသိအမှတ်ပြုရေး အစရှိသည့် အချက်များ ပါဝင်ခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း ရုရှားသည် နေတိုး၏ အရှေ့ပိုင်းစစ်နံ ချဲ့ထွင်လာမှု အပါအဝင် ယူကရိန်းစစ်ပွဲ ဖြစ်ပွားရသည့် အခြေခံ အကြောင်းရင်းများအား ဖြေရှင်းပေးရန် အမေရိကန်နှင့် နေတိုးကို တောင်းဆိုခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အဆိုပြုထားသည့် ယူကရိန်း- ရုရှား ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံမည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က မတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ထို့ကြောင့် ထရမ့်သည် ၎င်း၏ ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်ပြီး ပူတင်၏ အဖြေကို စောင့်ဆိုင်းနေသည်။
ပူတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အသုံးချပြီး အမေရိကန်၊ ယူကရိန်းနှင့် ဥရောပအကြား သွေးကွဲစေရန် လုပ်ဆောင်မည့် အခြေအနေအား အမေရိကန်အရာရှိများ၊ လွှတ်တော်အမတ်များနှင့် ကျွမ်းကျင် သူများက စိုးရိမ်နေသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဝါရှင်တန်ရှိ ရုရှားသံရုံးနှင့် အိမ်ဖြူတော်တို့ကမူ မှတ်ချက်ပေးရန် တောင်းဆို သည့် ရိုက်တာသတင်းဌာန၏ တောင်းဆိုချက်ကို ချက်ချင်း တုန့်ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ