CNI International News
ဘေဂျင်း၊ မတ်လ ၁၄
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် တရုတ်၏ two sessions အစည်းအဝေးများအတွင်း ချပြခဲ့သော တရုတ်နိုင်ငံ၏ အဓိကရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး လုပ်ဆောင်ကြဖို့ တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) က အရာရှိများကို တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က တရုတ်၏ အမျိုးသားပြည်သူ့လွှတ်တော် အစည်းအဝေးနှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံတို့တွင် ချပြခဲ့သည့် ရည်မှန်းချက်များထဲ၌ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ၅ ရာခိုင်နှုန်း မှာ ထိန်းသိမ်းထားရန်လည်း ပါဝင်ခဲ့သည်။
“မသေချာ မရေရာမှုတွေ အများကြီးရှိနေတဲ့ အချိန်မှာ ကျနော်တို့အနေနဲ့ ရည်မှန်းချက်တွေကို အမြန်ဆုံး ပြည့်မြောက်စေဖို့ ရှိသမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုရပါလိမ့်မယ်။ အလုပ်ကိုလည်း လျင်လျင်မြန်မြန်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်ရပါမယ်”ဟု လီက မတ်လ ၁၂ ရက်တွင် နိုင်ငံတော်ကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်ဝန်ကြီးချုပ် လီချင်ကိုတွေ့ရစဉ်
အစိုးရအေဂျင်စီများ အားလုံးအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရန်နှင့် မိမိတို့၏ တာဝန်များအား အလုံးစုံပြည်မြောက်စေရန် ယခုထက်ပိုပြီး အပြုသဘောဆောင်သည့် လုပ်ရပ်များဖြင့် လုပ်ဆောင်သင့်ကြောင်း လီက ပြောကြားခဲ့သည်။
တရုတ်၏ စီးပွားရေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် တရုတ်အစိုးရက မူဝါဒများ ချမှတ်လုပ်ဆောင်လျက်ရှိသည်။
တရုတ်ခေါင်းဆောင်များသည် ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံ၏ အနာဂတ်အတွက် ၎င်းတို့၏ ယုံကြည်ချက်များကို ဖော်ပြခဲ့ကြသော်လည်း စိန်ခေါ်မှုများကိုလည်း အလေးထား ပြောဆိုခဲ့ကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်ဝန်ကြီးချုပ် လီချင်ကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် two sessions အစည်းအဝေးများအတွက် တရုတ်ခေါင်းဆောင်များ အလေးထား ပြောကြားခဲ့သော စိန်ခေါ်မှုများထဲတွင် အမေရိကန်နှင့် ကုန်သွယ်ရေးပဋိပက္ခ အရှိန်ပြင်းထန်လာ မှုနှင့် ပြည်တွင်းဝယ်လိုအား အားနည်းနေသည့် ပြဿနာများ ပါဝင်ခဲ့သည်။
သက်ဆိုင်ရာ အရာရှိများ အနေဖြင့် အပြောင်းအလဲများကို အနီးကပ် စောင့်ကြည့်ရန်နှင့် ကောင်းမွန်သည့် မူဝါဒ ပြင်ဆင်မှုများအား ပြုလုပ်ရန်၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ရည်မှန်းချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ကြရန် လီက တိုက်တွန်းခဲ့သည်ဟု ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က လီ၏ အလုပ်တာဝန် အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ်အတွက် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို ၅ ရာခိုင်နှုန်းဝန်းကျင်ဟု သတ်မှတ်ဖော်ပြထားပြီး နိုင်ငံ့ခေါင်းဆောင်များ ရင်ဆိုင်ဖြေရှင်းနေရ သည့် အခက်အခဲများကို ဖော်ပြခဲ့သည်။
Source: South China Morning Post