CNI International News

မနီလာ၊ ဖေဖော်ဝါရီ ၁

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်ဘက်မှ ရန်လိုပြီး အနိုင်ကျင့်သည့် အပြုအမှုများကို ရပ်တန့်မည်ဆိုပါက ဖိလစ်ပိုင်ကလည်း  နိုင်ငံအတွင်းရှိ အမေရိကန်ဒုံးကျည် စနစ်များအား ဖယ်ရှားပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ပြောကြားခဲ့ကြောင်း Nagaland Post မှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့် ဧပြီလက ပူးတွဲစစ်ရေး လေ့ကျင့်မှုအဖြစ် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် Typhon တာလတ်ပစ် ဒုံးကျည်စနစ်များကို တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

တရုတ်ကမူ ထိုဒုံးကျည်များကို ဖယ်ရှားရန် ဖိလစ်ပိုင်ကို ထပ်တလဲလဲ တောင်းဆိုခဲ့ပြီး ထိုဒုံးကျည် စနစ်များသည် ပထဝီနိုင်ငံရေး ထိပ်တိုက်တွေ့မှုနှင့် လက်နက်ပြိုင်ဆိုင်မှုများကို ဖြစ်ပွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။

မားကို့စ်ကမူ သူသည် တရုတ်၏ သဘောထားကို နားမလည်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖိလစ်ပိုင်သည် တရုတ်၏ ဒုံးကျည်စနစ်များနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှ ပြောခဲ့ခြင်း မရှိကြောင်း၊ တရုတ်၏ ဒုံးကျည် စနစ်များသည် ဖိလစ်ပိုင်၏ ဒုံးကျည်များထက် အဆပေါင်း ၁၀၀၀ ခန့် ပြင်းထန်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်ကို တွေ့ရစဉ်

“တရုတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျနော်တို့ နယ်နိမိတ်ကို ပိုင်ဆိုင်ကြောင်း ကြေညာ တာ၊ ကျနော်တို့ ငါးဖမ်းသမားတွေကို နှောင့်ယှက်တာ၊ ကျနော်တို့ လှေတွေကို ဝင်တိုက်တာ၊ ကျနော်တို့လူတွေကို မီးသတ်ပိုက်တွေ၊ လေဆာရောင်ခြည်တွေနဲ့ ထိုးတာတွေ၊ ရန်လိုပြီးဗိုလ်ကျတဲ့ အပြုအမူတွေကို ရပ်တန်းကရပ်ပါ။ အဲဒါဆိုရင်တော့ ကျနော်တို့လည်း Typhon ဒုံးကျည်တွေကို ဖယ်ရှားပေးမှာပါ”ဟု မားကို့စ်က စီဘူး (Cebu) ပြည်နယ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်ဒုံးကျည်စနစ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့များ၊ ရေတပ်များအကြား ထိပ်တိုက်တွေ့သည့် နေရာနှင့် နီးသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမည်မဖော်လိုသော ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Typhon ဒုံးကျည်စနစ်ဖြင့် ပစ်လွှတ်နိုင်သည့် Tomahawk ဒုံးကျည်များသည် မိုင် ၁၀၀၀ ကျော် ပျံသန်းနိုင်ပြီး တရုတ်၏ ကုန်းမြေများသည် ထိုဒုံးကျည် ရောက်ရှိနိုင်သည့် အကွာအဝေးအတွင်းတွင် ရှိနေသည်။

ထိုဒုံးကျည်စနစ်သည် ဖိလစ်ပိုင်နိုင်ငံတွင် ဆက်ရှိနေလိမ့်မည်ဟု ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) ကမူ ဖိလစ်ပိုင်သည် အမေရိကန် ဒုံးကျည်စနစ်များကို ၎င်း၏ နယ်နိမိတ်အတွင်း ထားရှိခွင့်ပြုခြင်းအားဖြင့် ဒေသတွင် တင်းမာမှုကို မြင့်တက်စေ ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

Source: Nagaland Post