CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
နစကသည် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒေါက်တာသက်သက်ခိုင်ကို တာဝန်မှ အနားပေး လိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နစကမှ ပြင်ဆင်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ် ရေးရာဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ထားပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ထားသည်ကို တွေ့ရသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကို အနားပေးခဲ့ပြီး ၎င်း၏ နေရာမှာ ဦးကျော်စိုးဝင်းအား အစားထိုး ခန့်အပ်ခဲ့ကြောင်း၊ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ကို အနားပေးပြီး ၎င်း၏ နေရာမှာ ဦးချစ်ဆွေအား အစားထိုး ခန့်အပ်ခဲ့ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံကို အနားပေးခဲ့ပြီး ၎င်း၏နေရာမှာ Jeng Phang နော်တောင်ကို အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။