CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့သည်။
အလားတူ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)လက်အောက်ရှိ အောက်မြန်မာပြည် တာဝန်ခံ ဗိုလ်ချုပ် အောင်ကျော်ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ပြည်ထဲရေးဝန်ကြီးဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် နစက၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။