CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁

ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း နစက-က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သတင်း ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ဆက်လက် တာဝန်ယူပြီး ဒုဝန်ကြီးချုပ်များအဖြစ် ယခင်က တာဝန်ယူထားသူ ၆ ဦးက ဆက်လက် တာဝန်ယူမည်ဖြစ်သည်။

အသစ် ပါဝင်လာသူများကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁-၂-၃-၄) သာ ထပ်တိုးလာခဲ့သည်ကို တွေ့ရသည်။

နိုင်ငံရေးသမားတစ်ဦးက “ဘာမှ ထူးခြား ပြောင်းလဲတာမရှိဘူး၊ ဒီအတိုင်းပဲ၊ အခု ဖွဲ့စည်းမှုနဲ့ မူဝါဒကြောင့် လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ ဖြစ်လာတာ၊ အဲဒါကို ပြုပြင်ပြောင်းလဲရေး လုပ်ရမှာ မလုပ်ဘဲနဲ့ ဒီအတိုင်းပဲ ဘာမှမထူးခြား မပြောင်းလဲတဲ့ အစိုးရဖွဲ့စည်းပုံအတိုင်းဆို မြန်မာနိုင်ငံရေး အခြေအနေက ဘယ်လိုပုံစံနဲ့မျှော်လင့် လို့ရမှာလဲ၊ လူတွေနဲ့ ဝန်ကြီးဌာနတွေသာ ပိုလာတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ၃ နှစ်ပြည့်သည့် ကာလကို အရေးပေါ် အခြေအနေ ပြဋ္ဌာန်း၍ အုပ်ချုပ်လာခဲ့သည်။

ထို့နောက် ၃ နှစ်ပြည့်ကာလ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် တပ်မတော်အတွင်းနှင့် အစိုးရအဖွဲ့အစည်း အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်လာနိုင်သည်ဟု အားလုံးက ခန့်မှန်းထားကြသော်လည်း ထူးခြားသော ပြုပြင် ပြောင်းလဲမှုများကို လုပ်လာခြင်းမရှိကြောင်း ယခုပြင်ဆင် ဖွဲ့စည်းလာသော အစိုးရအဖွဲ့ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား ထောက်ပြကြသည်။