CNI International News

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၃

ထိုင်းနှင့် ကမ္ဘောဒီးယားအနေဖြင့် ဆွေးနွေးညှိနှိုင်းမှု၊ အမြော်အမြင်ရှိမှုနှင့် အပြန်အလှန် လေးစားမှုရှိသည့် စိတ်ဓာတ်များဖြင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းလုပ်ဆောင်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကိုဖြေရှင်းရန်အတွက် ဒီဇင်ဘာ ၂၂ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Kuala Lumpur) ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။

အန်ဝါက သူသည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) ၊ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) တို့နှင့် စကားပြောဆိုခဲ့ရာတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွား မှုကို ဖြေရှင်းရန်အတွက် အထက်ဖော်ပြပါ အချက်များကို အလေးထားတိုက်တွန်းခဲ့ကြောင်း ၎င်း၏ တရားဝင် Facebook page တွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးအတွက် တိုက်ရိုက် ဆွေးနွေးညှိနှိုင်းရန်၊ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် အခွင့်အလမ်း တစ်ခုဖြစ်သည်ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ်ကိုတွေ့ရစဉ်

“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ပွင့်လင်းမြင်သာတဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့၊ သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့နဲ့ တရားမျှတပြီး ရေရှည် တည်တံ့တဲ့ အဖြေတစ်ခု ရရှိအောင် ဖော်ဆောင်ဖို့အတွက် သင့်တော်ပြီး အပြုသဘောဆောင်တဲ့ အခွင့်အလမ်း တစ်ခု ဖြစ်လာမှာပါ” ဟု အန်ဝါက ပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံသည် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားပြီး လာမည့်နှစ် ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းဆက်ခံမည်ဖြစ်သည်။

ယခုလအတွင်း အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား တကျော့ပြန်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံတွင် သေဆုံးသူ ၂၂ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ထိုင်းနှင့် နယ်စပ်ဒေသတွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၅ သိန်းကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကမ္ဘောဒီးယားဘက်က ပြောကြားခဲ့သည်။

ထိုင်းနှင့်ကမ္ဘောဒီးယားကြား ကီလိုမီတာ ၈၀၀ အရှည်ရှိသည့် နယ်စပ်ဒေသတစ်လျှောက် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားသည့် ပြဿနာသည် ကာလကြာရှည်ဖြစ်ပွားခဲ့ပြီး ထိုနယ်စပ်စည်းကို အင်ဒို-ချိုင်းနားကျွန်းဆွယ်အား ကိုလိုနီပြုခဲ့ဖူးသည့် ပြင်သစ်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။

Source: CAN